အာဏာသိမ်း မြန်မာစစ်တပ်က ၎င်းတို့အား ဆန့်ကျင်သူများကို ရန်သူအဖြစ် ရှူမြင်ပြီး  စစ်ပွဲဆင်နွှဲနေကြောင်း ကုလသမဂ္ဂ ပြောကြား

အာဏာသိမ်း မြန်မာစစ်တပ်က ၎င်းတို့အား ဆန့်ကျင်သူများကို ရန်သူအဖြစ် ရှူမြင်ပြီး  စစ်ပွဲဆင်နွှဲနေကြောင်း ကုလသမဂ္ဂ ပြောကြား

 မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ကို မထောက်ခံဘဲ ဆန့်ကျင်သည့် ပြည်သူများအပါအဝင် ကျေးလက်နေပြည်သူများကို ၎င်းတို့၏ ရန်သူများအဖြစ် ရှုမြင်နေပြီး မိမိနိုင်ငံ၏ ပြည်သူများကို စစ်ပွဲဆင်နွှဲနေကြောင်း နှင့် အသက်ရှင်သန်ခွင့် အခြေခံအခွင့်အရေးကို ထိခိုက်စေကြောင်း ကုလသမဂ္ဂက ၂၀၂၃ခုနှစ် မတ်လ (၃) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေမှာ ပိုမိုဆိုရွားလာသည့် ကပ်ဘေးဆိုးတစ်ခု ဖြစ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က ပြောခဲ့သည်။

မြန်မာစစ်တပ်က လုံးဝ ပြစ်ဒဏ်မခံရဘဲ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး (၂) နှစ်အတွင်း အနည်းဆုံး လူ (၂,၉၄၀) အသတ်ခံခဲ့ရပြီး ၎င်းတို့အနက် အနည်းဆုံး(၃၀)ဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်သည်။

 သို့သော် အမှန်တကယ် သေဆုံးမှုအရေအတွက်မှာ များစွာပိုများနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ယခုအခါ အာဏာသိမ်း စစ်တပ်က မတူညီသည့် စစ်မျက်နှာ (၁၃) ခုဝန်းကျင်တွင် တိုက်ခိုက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ အကြီးအကဲ James Rodehaver က ပြောသည်။ 

မြန်မာစစ်တပ်မှာ အင်အားလျော့နည်းလာမှုကြောင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားကိုးလာကြောင်းနှင့် ၂၀၂၂ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် (၃၀၀) ကျော် လုပ်ဆောင်ခဲ့ကြောင်း ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း James Rodehaver က ပြောခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာတွင် မြန်မာစစ်တပ်က စာသင်ကျောင်းများနှင့် ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မှတ်တမ်းပြုစုထားပြီး ထိုတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့သည်။ 

မြန်မာနိုင်ငံရှိ မြို့နယ် (၃၃၀) ၏ (၈၀) ရာခိုင်နှုန်းနီးပါးမှာ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိခဲ့ကြောင်း အစီရင်ခံစာက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အကျပ်အတည်း ဖြစ်ပေါ်နေသည့် အချိန်နှင့် အခြေအနေမျိုး ယခင်က မရှိခဲ့ဖူးကြောင်း၊ ယခင်က ပဋိပက္ခများမှာ တိုင်းရင်းသားပြည်နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ ဗမာလူမျိုးများ အဓိက နေထိုင်ကြသည့်နေရာများအထိပင် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ အကြီးအကဲ James Rodehaver က ဆိုသည်။



မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း စစ်တပ်၏ စစ်ဆင်ရေးများကြောင့် နိုင်ငံတဝန်း နေအိမ် (၃၉,၀၀၀) နီးပါး မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဥ်ပါက အဆပေါင်း (၁,၀၀၀) ကျော် တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာများက ဖော်ပြထားသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။

စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံများက အာဏာသိမ်းပြီး (၂) နှစ်အတွင်း လူပေါင်း (၁၇,၅၇၂) ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ 

ထို့အပြင် အာဏာသိမ်း စစ်တပ်က ၎င်းတို့၏ ရန်သူများကို စားနပ်ရိက္ခာ၊ ဆက်သွယ်ရေး၊ လူသစ်စုဆောင်းရေးနှင့် ငွေကြေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှု လုပ်ခွင့်မရစေရန် ကြံစည်မှုဖြစ်သည့် "ဖြတ်လေးဖြတ်" ဗျူဟာကို အသုံးပြုနေကြောင်း James Rodehaver က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လူ (၁) သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း ကုလသမဂ္ဂ အချက်အလက်များက ဖော်ပြသည်။ 

ထိုအတောအတွင်း နိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါးဖြစ်သည့် လူ (၂၅) သန်းမှာ ဆင်းရဲမွဲတေခဲ့ကြပြီး လူဦးရေ (၁၇.၆) သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြကြောင်း သိရသည်။

Source: AFP