စီးပွားရေးမြို့တော် ရှန်ဟိုင်း၏ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ COVID ကူးစက်ခံထားရနိုင်ကြောင်း ခန့်မှန်း

Photo: NOEL CELIS/AFP VIA GETTY IMAGES
Photo: NOEL CELIS/AFP VIA GETTY IMAGES
စီးပွားရေးမြို့တော် ရှန်ဟိုင်း၏ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ COVID ကူးစက်ခံထားရနိုင်ကြောင်း ခန့်မှန်း
By Mr John

တရုတ်နိုင်ငံ စီးပွားရေးမြို့‌တော် ရှန်ဟိုင်း၏ လူဦးရေ (၇၀) ရာခိုင်နှုန်းအထိ COVID-19 ကူးစက်ခံထားရနိုင်ကြောင်း ရှန်ဟိုင်း ထိပ်တန်းဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက ခန့်မှန်းထားသည်ဟု တရုတ်အစိုးရသတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အစိုးရ၏ တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်း ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်သွားကာ ဆေးရုံများနှင့် မီးသင်္ဂြိုဟ်သည့် နေရာများ ပြည့်သွားသည်ဟု သိရသည်။

ရှန်ဟိုင်းမြို့ရှိ Ruijin ဆေးရုံ ဒုတိယဥက္ကဌနှင့် ရှန်ဟိုင်း COVID-19 ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အကြံပေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Chen Erzhen က မြို့၏ လူဦးရေ (၂၅) သန်းအနက် အများစုမှာ ကူးစက်ခံထားရနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

 "ရှန်ဟိုင်းမှာ ကူးစက်ပျံ့နှံ့နေမှုက တော်တော်များနေပြီး လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ကူးစက်ခံထားရနိုင်ပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့ ဧပြီလနဲ့မေလမှာတုန်းကထက် အဆ (၂၀) ကနေ (၃၀) ပိုများပါတယ်" ဟု ၎င်းက တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်များကို ဖော်ပြနေသည့် People's Daily သတင်းစာက ပိုင်ဆိုင်သော Dajiangdon Studio ကို ပြောသည်။

ရှန်ဟိုင်းမြို့တွင် လူဦးရေ (၆၀၀,၀၀၀) ကျော် COVID-19 ကူးစက်ခံခဲ့ရသည့် ယမန်နှစ် ဧပြီလမှစ၍ (၂) လကြာ တင်းကျပ်သည့် lockdown လုပ်ခဲ့ဖူးပြီး လူအများအပြားကို ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ထားခဲ့သည်။ 

လက်ရှိတွင် ကိုဗစ်၏ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်မှာ ရှန်ဟိုင်းမြို့တွင် လျင်မြန်စွာ ပျံ့နှံ့နေပြီး ၂၀၂၃ ခုနှစ် အစောပိုင်းကာလအတွင်း ကူးစက်မှုများ အထွတ်အထိပ်ရောက်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ရှန်ဟိုင်းအပြင် ဘေဂျင်း၊ တီအန်ဂျင်း၊ ချုံကင်းနှင့် ဂွမ်ဇူး အပါအဝင် အခြား အဓိက မြို့ကြီးများတွင်မူ COVID-19 ကူးစက်မှုလှိုင်း အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီးဖြစ်ကြောင်း တရုတ်ကျန်းမာရေးအရာရှိများက ယူဆထားကြသည်။ 

ရှန်ဟိုင်းနှင့်ကပ်လျက် ရှီဂျီအန်းပြည်နယ်တွင်လည်း လတ်တလော ရက်များအတွင်း ကူးစက်မှုအသစ် (၁) သန်းရှိခဲ့ကြောင်းနှင့် ပြည်နယ်အတွင်း COVID-19 ကူးစက်မှုလှိုင်း အထွတ်အထိပ်သို့ စတင်ရောက်ရှိလာပြီဟု ရောဂါထိန်းချုပ်ရေး အာဏာပိုင်များက ဇန်နဝါရီလ (၃) ရက်နေ့တွင် ပြောသည်။

ရှန်ဟိုင်းမြို့ရှိ Ruijin ဆေးရုံသို့ နေ့စဥ် အရေးပေါ် ဆေးရုံတက်ရသူ (၁,၆၀၀) ရှိနေခဲ့ပြီး ၎င်းတို့အနက် (၈၀) ရာခိုင်နှုန်းမှာ COVID-19 လူနာများဖြစ်ကြောင်းနှင့် ထိုအရေအတွက်မှာ ကန့်သတ်ချက်များကို မပယ်ဖျက်မီကထက် (၂) ဆက် မြင့်တက်လာခြင်းဖြစ်ကြောင်း ဆေးရုံဒုဥက္ကဌ Chen က ဆိုသည်။ 

"နေ့တိုင်း ဆေးရုံကို အရေးပေါ် လူနာတင်ကား အစီး (၁၀၀) ကျော် ရောက်လာတယ်" ဟုလည်း ၎င်းက ပြောသည်။ 

အရေးပေါ် ဆေးရုံတက်ရသူများအနက် ထက်ဝက်ခန့်မှန် ခံနိုင်ရည်အားနည်းသော အသက် (၆၅) နှစ်အထက် အရွယ်များဖြစ်ကြောင်း Chen က ဖြည့်စွက်ပြောခဲ့သည်။

Source: AFP