အိန္ဒိယ လေယာဥ်တစ်စီး ပျံသန်းနေစဥ် အင်ဂျင်မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ

အိန္ဒိယ လေယာဥ်တစ်စီး ပျံသန်းနေစဥ် အင်ဂျင်မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ
By Mr John

အိန္ဒိယနိုင်ငံတွင် ဇွန်လ (၁၉) ရက်နေ့က ပြည်တွင်းလေကြောင်းခရီးစဥ်အဖြစ် နယူးဒေလီမြို့သို့ ပျံသန်းသည့် လေယာဥ်တစ်စီး အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နိုင်ငံအရှေ့ပိုင်း ပတ်တ်နာမြို့၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောသည်။ 

ခရီးသည် (၁၈၅) ဦး လိုက်ပါသည့် SpiceJet လေကြောင်းလိုင်း လေယာဥ်မှာ ပျံတက်လာခဲ့ပြီနောက် မကြာမီ လေယာဥ်၏ ဘယ်ဘက်အင်ဂျင် မီးလောင်ခဲ့မှုကြောင့် ပတ်တ်နာမြို့ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ပြီး လိုက်ပါလာသူအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

"လေယာဥ်ရဲ့ ဘယ်ဘက်တောင်ပံမှာ မီးလောင်နေတာကို မြေပြင်မှာရှိနေတဲ့ ဒေသခံတွေက သတိပြုမိခဲ့ပြီး လေဆိပ်တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ကြတယ်" ဟု ခရိုင်အုပ်ချုပ်ရေးအရာရှိ Chandrashekhar Singh က သတင်းထောက်တွေကို ပြောသည်။ 

"ခရီးသည် (၁၈၅)ယောက်လုံး လေယာဥ်ပေါ်ကနေ ဘေးကင်းစွာနဲ့ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ နည်းပညာပိုင်း ချို့ယွင်းမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ခဲ့တာပါ။ ဒါကို အင်ဂျင်နီယာအဖွဲ့က စစ်ဆေးနေပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

လေယာဥ်ပျံတက်ပြီးနောက် (၁၅) မိနစ်အတွင်း လေယာဥ်ပေါ်တွင် ဆူညံသံများ ကြားခဲ့ရသည်ဟု ခရီးသည်တစ်ဦးက ဆိုသည်။ 

"ပြဿနာအချို့ရှိခဲ့တယ်လို့ လေယာဥ်မှူးက ကြေညာခဲ့ပြီး ပတ်တ်နာကို ပြန်လှည့်ဆင်းသက်မယ်လို့ ပြောခဲ့တယ်" ဟု Pacifica အမည်ရှိ ခရီးသည်က ပြောသည်။ 

လေယာဥ်အင်ဂျင်ကို ငှက်တစ်ကောင် ဝင်တိုက်မိတာကြောင့် မီးလောင်မှုဖြစ်ခဲ့နိုင်ကြောင်း ပြည်တွင်းသတင်းဌာန NDTV က လေကြောင်းပျံသန်းရေးဌာန သတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။

SpiceJet လေကြောင်းလိုင်းမှာ မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်း၏ Boeing 737 MAX လေယာဥ်မှူးများကို မှားယွင်းသော စက်ကိရိယာဖြင့် လေ့ကျင့်ပေးမှုအတွက် လေကြောင်းပျံသန်းမှု အာဏာပိုင်များက အိန္ဒိယရူပီးတစ်သန်း (အမေရိကန်ဒေါ်လာ ၁၂,၈၃၀ ခန့်) ဒဏ်ငွေရိုက်ခဲ့သေးကြောင်းလည်း သိရသည်။ 

ကောင်းမွန်စွာ လေ့ကျင့်ထားခြင်းမရှိမှုကြောင့်ဟုဆိုကာ ဧပြီလအတွင်း အာဏာပိုင်များက SpiceJet လေယာဥ်မှူး (၉၀) ကို Boeing 737 MAX လေယာဥ်မောင်းခွင့် ပိတ်ပင်ခဲ့သည်။

Source: AFP