မြောက်ကိုရီးယားအေးဂျင်ထံ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် တောင်ကိုရီးယားက အမျိုးသားနှစ်ဦးကို ဖမ်းဆီး

မြောက်ကိုရီးယားအေးဂျင်ထံ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် တောင်ကိုရီးယားက အမျိုးသားနှစ်ဦးကို ဖမ်းဆီး
By Mr John

မြောက်ကိုရီးယားအေးဂျင့်တစ်ဦးဖြစ်သည်ဟု ယုံကြည်ရသူတစ်ဦးထံ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် တောင်ကိုရီးယားရဲတပ်ဖွဲ့က လူနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်ငွေကြေး Cryptocurrency အိတ်ချိန်းလုပ်ငန်းတစ်ခု၏ အမှုဆောင်အရာရှိနှင့် စစ်တပ်အရာရှိတစ်ဦးတို့က တောင်ကိုရီးယား ပူးတွဲစစ်ရေးကွပ်ကဲမှုဌာန၏ အွန်လိုင်းအကောင့် အသေးစိတ်အချက်အလက်များကို ပေါက်ကြားစေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အပြန်အလှန်အားဖြင့် ၎င်းတို့နှစ်ဦးက ငွေအမြောက်အမြားရခဲ့ကြောင်း စွပ်စွဲခံထားရသည်။



တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း တင်းမာသည့်ဆက်ဆံရေး ရှိနေခဲ့ကြသည်။

"ဒါက တာဝန်ထမ်းဆောင်နေဆဲ အရာရှိတစ်ယောက်နဲ့ အရပ်သားတစ်ယောက်က မြောက်ကိုရီးယားအေးဂျင့်ရဲ့ ညွှန်ကြားမှုအောက်မှာ ပူးပေါင်းကြံစည်ပြီး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို သူလျှိုလုပ်တာကို ဖော်ထုတ်နိုင်ခဲ့တဲ့ ပထမဆုံးအမှု ဖြစ်ပါတယ်" ဟု ရဲတပ်ဖွဲ့က ပြောသည်။



ဇန်နဝါရီလနှင့် မတ်လအကြား မြောက်ကိုရီးယားအေးဂျင့်အတွက် အချက်အလက်များရရှိရန် ကင်မရာပါသည့် လက်ပတ်နာရီနှင့် USB ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားအေးဂျင့်အတွက် အလုပ်လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် အမျိုးသားနှစ်ဦးကို ယခုလအစောပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားအေးဂျင့်ဟု ယူဆထားသူ မည်သည့်နေရာတွင်ရှိနေကြောင်းနှင့် ၎င်း၏ အချက်အလက်များကို မသိရပေ။



တောင်ကိုရီးယားရဲတပ်ဖွဲ့က Lee ဟုသာ အမည်ဖော်ပြထားသူ Cryptocurrency အိတ်ချိန်းလုပ်ငန်း အမှုဆောင်အရာရှိနှင့် ဗိုလ်ကြီး B ဟု ဖော်ပြထားသည့် စစ်တပ်အရာရှိတို့ကို ဖမ်းဆီးထားကြောင်း ဧပြီ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးလုံးကို နိုင်ငံတော်လုံခြုံရေး အက်ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားပြီး စီးပွားရေးလုပ်ငန်းရှင်က စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များကို စုံစမ်းရန်အတွက် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိတစ်ဦးကို စည်းရုံးသိမ်းသွင်းရန်  ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် ချဥ်းကပ်ခဲ့ကြောင်း အာဏာပိုင်တွေက စွပ်စွဲထားသည်။



ထို့နောက် ဩဂုတ်လအတွင်း ဗိုလ်ကြီး B ကို ချဥ်းကပ်ခဲ့ပြီး မြောက်ကိုရီးယားအေးဂျင့်အတွက် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ရယူပေးပါက Bitcoin ဒစ်ဂျစ်တယ်ငွေများ ပေးမည်ဟု ကတိပြု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

စစ်တပ်အရာရှိကလည်း ကမ်းလှမ်းချက်ကို သဘောတူလက်ခံခဲ့ပြီး အချက်အလက်များ ပေါက်ကြားစေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။



ထိုကိစ္စအတွက် စစ်တပ်အရာရှိက ကိုရီးယားဝမ်ငွေ (၄၈) သန်းနှင့်ညီမျှသည့် Bitcoin ဒစ်ဂျစ်တယ်ငွေများ လက်ခံရရှိခဲ့ပြီး Lee က ဒစ်ဂျစ်တယ်ငွေ သန်း (၇၀၀) ရရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့၏ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလအတွင်း သတင်းရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့နောက် အာဏာပိုင်တွေက Lee ကို ဧပြီ (၂) ရက်နှင့် စစ်တပ်အရာရှိကို ဧပြီ (၁၅) ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။



Source: BBC