ဩစတြေးလျက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံထုတ် CCTV များကို ဖယ်ရှားသွားမည်

ဩစတြေးလျနိုင်ငံ၏ အစိုးရအဆောက်အအုံ တစ်နေရာတွင် တပ်ဆင်ထားသည့်  CCTV  [ Photo: CFOTO/Future Publishing/Getty Images ]
ဩစတြေးလျနိုင်ငံ၏ အစိုးရအဆောက်အအုံ တစ်နေရာတွင် တပ်ဆင်ထားသည့် CCTV [ Photo: CFOTO/Future Publishing/Getty Images ]
ဩစတြေးလျက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံထုတ် CCTV များကို ဖယ်ရှားသွားမည်
ဖေဖော်ဝါရီ 10, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဩစတြေးလျနိုင်ငံ၏ အစိုးရအဆောက်အအုံများတွင် တပ်ဆင်ထားသော စောင့်ကြည့်စနစ် တစ်ခုလုံးကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည့် အချက်အလက် စုဆောင်းမှုများ လုပ်ဆောင်နိုင်ကြောင်း စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံလုပ် ကင်မရာအချို့ကို ဖယ်ရှားသွားမည်ဟု ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် ပြောသည်။

 "ဒါက ကျွန်တော်တို့ အာရုံစိုက်ထားတဲ့ အရေးပါတဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ ဒါကို ပြင်ဆင်ဖြေရှင်းသွားမှာပါ" ဟု ဝန်ကြီးမာလက်စ်က ABC သတင်းဌာနကို ပြောခဲ့သည်။

အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးနှင့် ဆိုက်ဘာလုံခြုံရေးဝန်ကြီး ဂျိမ်းစ်ပတ်တာဆန်က (၆) လကြာ စုံစမ်းမေးမြန်းမှုများအရ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာနနှင့် ကုန်သွယ်ရေးဌာနနှင့် ရှေ့နေချုပ်ရုံးတို့ အပါအဝင် ဩစတြေးလျအစိုးရနှင့် ဌာနဆိုင်ရာ အဆောက်အအုံ အနည်းဆုံး (၂၅၀) တွင် တရုတ်ကုမ္ပဏီများဖြစ်သည့် Hikvision နှင့် Dahua တို့က ထုတ်လုပ်ထားသည့် လုံခြုံရေးစောင့်ကြည့်ကင်မရာ အနည်းဆုံး (၉၁၃) လုံး တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဖေဖေါ်ဝါရီလ (၉) ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုစုံစမ်းမေးမြန်းမှုရလဒ် ထုတ်ပြန်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး မာလက်စ်က လုံခြုံရေးစောင့်ကြည့်စနစ်ကို ပြန်လည်သုံးသပ်ပြီး တရုတ်နိုင်ငံလုပ် ကင်မရာအချို့ကို နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည့် အချက်အလက် စုဆောင်းရယူနိုင်ကြောင်း စိုးရိမ်မှုကြောင့် ဖယ်ရှားသွားမည်ဟု ထုတ်ဖော်ပြောခဲ့ခြင်းလည်း ဖြစ်သည်။

"ဒီကင်မရာတွေကနေ အချက်အလက်တွေ ထုတ်ယူနေလားဆိုတာနဲ့ နောက်ဆုံးမှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေလက်ထဲ အချက်အလက်တွေ ရောက်သွားခဲ့ပြီလားဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး" ဟု ဆိုက်ဘာလုံခြုံရေးဝန်ကြီး ဂျိမ်းစ်ပတ်တာဆန်က Canberra Times သတင်းဌာနကို ပြောသည်။ 

ဩစတြေးလျ၏ အဓိက စစ်ရေးမဟာမိတ်များဖြစ်ကြသည့် အမေရိကန်နှင့် ဗြိတိန်တို့က ၎င်းတို့၏ အစိုးရအဆောက်အအုံများတွင် တရုတ်ကင်မရာများ တပ်ဆင်အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ဩစတြေးလျအစိုးရကလည်း အလားတူ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ 

မကြာသေးမီ ရက်ပိုင်းအတွင်း အမေရိကန်က ၎င်း၏ လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းနေခဲ့သည့် တရုတ်နိုင်ငံ၏ စပိုင် မိုးပျံပူဖောင်းတစ်လုံးကို တိုက်လေယာဥ်ကနေ ဒုံးကျည်ဖြင့် ပစ်ချခဲ့သေးကြောင်း သိရသည်။

Source: TIME