COVID-19 ကြောင့် ဆိုင်းငံ့ခဲ့ရသည့် အာရှအားကစားပြိုင်ပွဲကို  ၂၀၂၃ တွင် တရုတ်က အိမ်ရှင်အဖြစ် ကျင်းပမည်

Photo: AFP
Photo: AFP
COVID-19 ကြောင့် ဆိုင်းငံ့ခဲ့ရသည့် အာရှအားကစားပြိုင်ပွဲကို  ၂၀၂၃ တွင် တရုတ်က အိမ်ရှင်အဖြစ် ကျင်းပမည်
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

 

COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု သိရသည်။ 

၂၀၂၂ အာရှအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံအတွင်း Zhejiang ပြည်နယ်၏ မြို့တော် Hangzhou မြို့တွင် ကျင်းပပြုလုပ်ရန် စီစဥ်ထားခဲ့ခြင်းဖြစ်ပြီး COVID-19 ကူးစက်မှုများကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ရွှေ့ဆိုင်းထားခဲ့ရသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၈) ရက်နေ့အထိ မူလစီစဉ်ထားသည့်  Hangzhou မြို့မှာပင် ကျင်းပပြုလုပ်သွားမည်ဟု အာရှအိုလံပစ်ကောင်စီ Olympic Council of Asia (OCA) က ဇူလိုင်လ (၁၉) ရက်နေ့၌ ကြေညာခဲ့သည်။ 

OCA ၏ ကြေညာချက်အရ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရက်များကို အခြား နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် မတိုက်ဆိုင်ရန် ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ 

အာရှအားကစားပြိုင်ပွဲကို ဒေသတွင်းနိုင်ငံများမှ အားကစားသမား ၁၀,၀၀၀ ကျော် ပါဝင်ယှဥ်ပြိုင်လေ့ရှိကြောင်း သိရသည်။

မူလက အာရှအားကစားပြိုင်ပွဲများကို ယခုနှစ် စက်တင်ဘာလအတွင်း ကျင်းပရန်စီစဥ်ထားခဲ့သော်လည်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေခဲ့မှုကြောင့် မေလအတွင်း ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ COVID-19 လုံးဝကင်းစင်ရေး "zero-Covid" မူဝါဒါအရ နိုင်ငံ၏ အကြီးဆုံးနှင့် စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ကို ယခုနှစ်အစောပိုင်းတွင် လနှင့်ချီကြာ lockdown လုပ်ထားခဲ့သည်။  

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့လူဦးရေအများဆုံး  ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်သည့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကလွဲပြီး ကျန်ပွဲအခမ်းအနား အားလုံးနီးပါးကို ရွှေ့ဆိုင်းခဲ့ရသလို  ဖျက်သိမ်းခဲ့ရသည်များလည်း ရှိသည်။ 

Chengdu မြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲများကိုလည်း မူလက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၆) ရက်မှ (၂၇) ရက်အထိ စီစဥ်ထားခဲ့သော်လည်း COVID-19 ကြောင့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းသို့ ရွှေ့ဆိုင်းခဲ့သည်။ 

ထို့နောက် အဆိုပါအားကစားပြိုင်ပွဲများကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်မှ ဩဂုတ်လ (၈) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု ထပ်မံ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

Source: AFP