တရုတ်နိုင်ငံတွင် နှစ်သစ်ကူး ခရီးသွားလာမှုများချိန်အတွင်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်း COVID ကူးစက်ခံထားရ

တရုတ်နိုင်ငံတွင် နှစ်သစ်ကူး ခရီးသွားလာမှုများချိန်အတွင်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်း COVID ကူးစက်ခံထားရ
By Tachileik News Agency

တရုတ်နိုင်ငံတွင်  လူ (၁၀) ဦးလျှင် (၈) ဦးနှုန်း COVID-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း  တရုတ်အစိုးရ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာနမှ ကူးစက်ရောဂါဆိုင်ရာပညာရှင် Wu Zunyou က ပြောကြားလိုက်သည်။

အဆိုပါ ပညာရှင်က တရုတ်နှစ်သစ်ကူး မတိုင်မီ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့က ပြောကြားထားခြင်းဖြစ်သည်။

လူဦးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံတွင် လက်ရှိ ကူးစက်မှုလှိုင်းအတွင်း လူဦးရေ (၈၀) ရာခိုင်နှုန်း COVID ကူးစက်ခံထားရပြီးဖြစ်ကြောင်း ၎င်းကဆိုထားသည်။ 

တရုတ်နှစ်သစ်ကူး အားလပ်ရက်များအတွင်း ခရီးသွားလာမှု အလွန်များပြားနေစဥ် ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာမည်ကို စိုးရိမ်နေချိန်တွင် Wu Zunyou က ကူးစက်မှုအခြေအနေကို ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ထုတ်ဖော်ပြောခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် လာမည့် (၂) လမှ (၃) လအတွင်း နိုင်ငံတဝန်း COVID-19 ကူးစက်မှုများ ကြီးကြီးမားမား တစ်ကျော့ပြန်ဖြစ်လာနိုင်ခြေ သို့မဟုတ် ဒုတိယ ကူးစက်မှု လှိုင်းတစ်ခုဖြစ်နိုင်ခြေ အလွန်နည်းကြောင်း ၎င်းကဆိုသည်။ 

တရုတ်နိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးဌာနက နှစ်သစ်ကူးကာလ ရက် (၄၀) အတွင်း ခရီးသွားလာမှု (၂) ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

တရုတ်အစိုးရသတင်းဌာန CCTV က ဇန်နဝါရီလ (၂၂) ရက်တွင် ဖော်ပြမှုအရ နှစ်သစ်ကူးအကြိုနေ့တွင် နိုင်ငံတဝန်း ခရီးသွား (၂၆) သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ COVID ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အလားတူရက်၏ ထက်ဝက်မျှသာဖြစ်သည်။ 

သို့သော် ၂၀၂၂ ခုနှစ်ကထက်မှု (၅၀.၈) ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်း CCTV သတင်းက ဆိုသည်။



Source: CNN