လေတပ်မှ အရာခံဗိုလ် တစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ဆက်သွယ်ကာ ပြည်သူ့ဘက်ရပ်တည်လာ

လေတပ်မှ အရာခံဗိုလ် တစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ဆက်သွယ်ကာ ပြည်သူ့ဘက်ရပ်တည်လာ
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထု အပေါ် လေကြောင်းမှ ဗုံးကြဲနေခြင်းကို လက်မခံနိုင်သည့် အတွက် တပ်မတော်(လေ)မှ လေကြောင်းစက်ပစ်အရာခံဗိုလ် သီဟဝင်း ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ဆက်သွယ်ကာ ပြည်သူ့ဘက်ရပ်တည်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၁၁)ရက်တွင် သတင်းထုတ်ပြန်လာသည်။

 ပြည်သူ့ပန်းတိုင်

တပ်ထဲတွင် NUG က PDF များ၊ Gen Z တွေများကို သွေးထိုး မြှောက်ပင့်ပေးပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်နေသည်ဟု ထင်မြင်နေကြသူများရှိကာ အမှန်တရားကို သိနားလည်ကြသည့်အရာရှိ၊ စစ်သည်၊ မိသားစုများလည်း ရှိနေကြောင်း ၎င်းကဆိုသည်။

"ကျွန်တော်စပြီး ဆက်သွယ်ဖြစ်တာကတော့ (၆)လပိုင်း လောက်ကတည်းကဖြစ်ပြီး Pre CDM လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းသင်တန်း (လေကြောင်းစက်ပစ်သင်တန်း) တက်နေရတာရယ်၊ COVID- 19 ရောဂါဖြစ်ပွားနေတာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ သင်တန်းတွေပြီးလို Posting ကျပြီး COVID-19 ရောဂါဖြစ်ပွားမှု ကျဆင်းသွားတဲ့အချိန်မှ ကျွန်တော် People’s Soldiers Facebook Page ကိုဆက်သွယ်ခဲ့ပါတယ်။ အဲ့ဒီလို အဆက်အသွယ်ရပြီးတဲ့ နောက်မှာ သူတိုရဲ့စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေကိုခိုလှုံဖို့ ထွက်ခွါလာခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သား - People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency