မြဝတီမြို့ရှိ  ချစ်ကြည်ရေးတံတား(၁)ထိပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မဲဆောက်ဘက်တွင် နယ်စပ်ကင်းလှည့်ခြင်းကို တိုးမြှင့် လုပ်ဆောင် 

မြဝတီမြို့ရှိ  ချစ်ကြည်ရေးတံတား(၁)ထိပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မဲဆောက်ဘက်တွင် နယ်စပ်ကင်းလှည့်ခြင်းကို တိုးမြှင့် လုပ်ဆောင် 
ဧပြီ 25, 2022 | အခြားဒေသများ

 မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် နယ်စပ်ကင်းလှည့်ခြင်းကို တိုးမြှင့်လိုက်ကြောင်း သိရသည်။

မဲဆောက်တစ်ဖက်ကမ်းရှိ ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်း  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)ထိပ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ (၂၃) ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်၍ ထိုင်းဘက်မှ နယ်စပ်လုံခြုံရေးတာဝန်ရှိသူများက အများပြည်သူအား သတင်းထုတ်ပြန်ရှင်းလင်းရာတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း မဲဆောက်သတင်းတွင် ဧပြီလ (၂၅)ရက်နေ့က ဖေါ်ပြထားသည်ကို တွေ့ရသည်။

မြဝတီဘက်ပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံဘက်တွင် ထိခိုက်ဒဏ်ရာရ၊ ပျက်စီးမှု မရှိကြောင်းနှင့် လက်ရှိတွင် ထိုင်းနိုင်ငံ၌ ယာယီခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင် (၁,၄၂၉)ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

လက်ရှိတွင် မဲဆောက်ဘက်ခြမ်း၌ နယ်စပ်ကင်းလှည့်ခြင်းကို တိုးမြှင့်လိုက်သည့်အပြင် ဒေသခံများအနေဖြင့် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကြရန်ကိုလည်း ထိုင်းအာဏာပိုင်များက တိုက်တွန်းထားသည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေ့ကလည်း မဲဆောက်ဘက်ကို ဖြတ်ကူးသည့် မြန်မာနိုင်ငံသားအချို့ကို ထိုင်းဘက်က ဖမ်းဆီးထားသည်ဟု သိရသည်။

#TachileikNewsAgency

Source: Mae Sot Media