တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၇,၂၀၀) ကျော်အထိ မြင့်တက်လာ

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၇,၂၀၀) ကျော်အထိ မြင့်တက်လာ
ဖေဖော်ဝါရီ 8, 2023 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့တွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖေါ်ဝါရီလ (၇) ရက် ဒေသစံတော်ချိန် ညပိုင်း (မြန်မာစံတော်ချိန် ညဥ့်နက်ပိုင်း) အထိ သတင်းများအရ (၇,၂၀၀) ကျော်အထိရှိလာကြောင်းနှင့် ဘေးအန္တရာယ်ပမာဏနှင့် မိုးလေဝသအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် နှောင့်နှေးမှုများကြုံနေခဲ့ရသည်။

တူရကီတွင် ၁၉၉၉ ခုနှစ်နောက်ပိုင်း အသေအပျောက် အများဆုံးဖြစ်သည့် ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံရှိ မြို့များတွင် လူနေအဆောက်အအုံများ၊ ဆေးရုံများ အပါအဝင် အဆောက်အအုံ ထောင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်းလည်း သိရသည်။ 

ဆီးရီးယားနှင့်နယ်စပ်အနီးရှိ တူရကီနိုင်ငံ Antakya မြို့တွင် ငလျင်ကြီးလှုပ်ခတ်မှုကြောင့် အထပ် (၁၀) ထပ်ပါ အဆောက်အအုံများ လမ်းပေါ်သို့ ပြိုကျပျက်စီးခဲ့သည်။

ထိုမြို့တွင် အပူချိန် ရေခဲမှတ်နီးပါး ကျဆင်းနေပြီး မိုးရွာသွန်းမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အား သို့မဟုတ် လောင်စာဆီ မရရှိသည့်အခြေအနေဖြစ်ကြောင်းလည်း သိရသည်။ 

တူရကီအာဏာပိုင်များ၏ အဆိုအရ အနောက်ဘက် Adana မြို့မှ အရှေ့ဘက် Diyarbakir မြို့အထိ အကြမ်းဖျင်းအားဖြင့် မိုင် (၂၈၀) (၄၅၀ ကီလိုမီတာ) နှင့် မြောက်ဘက်ရှိ Malatya မြို့မှ တောင်ဘက် Hatay မြို့အထိ (၁၈၆) မိုင် (၃၀၀ ကီလိုမီတာ) အတွင်း လူဦးရေ (၁၃.၅) သန်းခန့် ငလျင်ဒဏ်သင့်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် တူရကီတွင် သေဆုံးသူအရေအတွက် (၅,၄၀၀)ကျော်သို့ မြင့်တက်လာခဲ့ကြောင်း ဒုတိယသမ္မတ Fuat Oktay က ပြောကြားခဲ့ပြီး မိုးလေဝသအခြေအနေ ပြင်းထန်မှုကြောင့် ငလျင်ဒဏ်သင့် နေရာများသို့ အကူအညီများ ပို့ဆောင်ရာတွင် အခက်အခဲဖြစ်ပေါ်နေခဲ့သည်ဟု ဆိုသည်။ 

တူရကီသမ္မတ Tayyip Erdogan က ငလျင်ဒဏ်သင့် ပြည်နယ် (၁၀) ခုကို ဖေဖေါ်ဝါရီလ (၇) ရက် နှောင်းပိုင်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ 

ငလျင်ဒဏ်သင့် နေရာများတွင် ရှာဖွေကယ်ဆယ်ရေးသမား (၁၂,၀၀၀) ကျော်က စစ်သား (၉,၀၀၀) နှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း တူရကီအာဏာပိုင်များက ပြောသည်။

(၁၁) နှစ်ကြာ ပြည်တွင်းစစ်ကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးနေခဲ့သည့် ဆီးရီးယားနိုင်ငံတွင်လည်း ငလျင်ကြောင့် နောက်ထပ် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။

 ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ   (၁,၈၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း အစိုးရနှင့် သူပုန်များထိန်းချုပ်ထားသည့် နိုင်ငံအနောက်မြောက်ပိုင်းရှိ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပြောသည်။

တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက်၌ လူပေါင်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ပိတ်မိနေနိုင်သေးကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံအခြေစိုက် ဘူမိဗေဒဆိုင်ရာဝက်ဘ်ဆိုက် U.S. Geological Survey (USGS) ၏ မှတ်တမ်းများအရ တူရကီနှင့်ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း တောင်အတ္တလန်တစ်သမုဒ္ဒရာ အစွန်အဖျား၌ လှုပ်ခတ်ခဲ့သည့်ငလျင်နောက်ပိုင်း အသေအပျောက် အများဆုံးနှင့် ပျက်စီးမှုပမာဏ အကြီးမားဆုံးဖြစ်သည်။

ယခုအခါ ကုလသမဂ္ဂ၊ NATO အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၀) ခန့်က ကူညီကယ်ဆယ်ရေးသမားများ၊ လိုအပ်သည့်ကိရိယာများနှင့် အကူအညီများ စေလွှတ်ပေးပို့နေကြကြောင်း သိရသည်။ 

ထိုအတောအတွင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ United Nations International Children's Emergency Fund (UNICEF) က တူရကီနှင့်ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် ကလေးငယ် ထောင်နှင့်ချီ သေဆုံးခဲ့နိုင်ကြောင်း ဖေဖေါ်ဝါရီလ (၇) ရက်တွင် ပြောကြားသည်။ 

ငလျင်ကြီး (၂) ခုကြောင့် သေဆုံးခဲ့သည့် ကလေးအရေအတွက် အတိအကျကို မသိနိုင်သေးဟုလည်း UNICEF က ဆိုသည်။

Source: Reuters

Photo:  REUTERS/Benoit Tessier, REUTERS/Piroschka van de Wouw,REUTERS/Umit Bektas, REUTERS/Firas Makdesi,