ရွာကနေ မြို့ပေါ်သို့ ပြောင်းလာပြီး တိုက်ခန်းဝရန်တာတွင် နွားမွေးရန် ကြိုးပမ်းခဲ့သည့် တရုတ်လယ်သမား

ရွာကနေ မြို့ပေါ်သို့ ပြောင်းလာပြီး တိုက်ခန်းဝရန်တာတွင် နွားမွေးရန် ကြိုးပမ်းခဲ့သည့် တရုတ်လယ်သမား
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင်  ၎င်း၏ရွာမှ စီချွမ်ပြည်နယ်ရှိ မြို့ပေါ် လူနေတိုက်ခန်းတွဲသို့ ပြောင်းရွှေ့လာသော လယ်သမားတစ်ဦးက တိုက်ခန်းဝရန်တာတွင် နွားပေါက်လေး (၇) ကောင်ကို မွေးမြူထားမှုကြောင့် အိမ်နီးနားချင်းများ အံ့ဩတုန်လှုပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရသည်။ 

မြို့ပေါ် လူနေတိုက်ခန်းများတွင် နေထိုင်ကြသူများအတွက် မိုးလင်းချိန်တွင် နွားအော်သံနှင့် နွားချေးအနံ့များနှင့်အတူ နိုးထလာကြရမည့် အဖြစ်မှာ အလွန်ပင် ကသိကအောက်နိုင်လှသည်။

စီချွမ်ပြည်နယ် လူနေတိုက်ခန်းတွဲသို့ အသစ်ပြောင်းရွှေ့လာသည့် အိမ်နီးနားချင်းက (၅) ထပ်ရှိ ၎င်း၏ တိုက်ခန်းကျဥ်း ဝရန်တာပေါ်တွင် နွားပေါက်လေးများကို စတင်မွေးမြူထားရှိခဲ့ရာ ရာနှင့်ချီသော တိုက်ခန်းနေထိုင်သူများမှာ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရသည်။ 

ထိုလယ်သမားက ရွာတစ်ရွာမှ မြို့ပေါ်သို့ ပြောင်းရွှေ့လာစဥ် အလေးချိန် (၂၂) ပေါင်မှ (၄၄) ပေါင်စီရှိသော နွားပေါက် (၇) ကောင်ကိုပါ ယူဆောင်လာခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များကဲ့သို့ မွေးမြူထားရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

လယ်သမား၏ တိုက်ခန်းဝရန်တာမှ ထွက်ပေါ်လာသော နွားအော်သံနှင့် နွားချေးအနံ့ကြောင့် တိုက်ခန်းနေသူများ စိတ်အနှောင့်အယှက် ဖြစ်ကြရပြီး အာဏာပိုင်များကို တိုင်ကြားခဲ့ကြသည်။ 

ထို့နောက် နွားပေါက်များကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် ဖယ်ရှားစေခဲ့ကြောင်း Phoenix Weekly သတင်းက ပြောသည်။ 

တိုက်ခန်းဝရန်တာတွင် နွားပေါက်များ မွေးမြူထားရှိသည့် ဗီဒီယိုတစ်ခုကို Douyin (တရုတ်ဗားရှင်း TikTok) တွင် ဇူလိုင်လ (၁၆) ရက်နေ့ ရက်စွဲဖြင့် တွေ့ရပြီး ထိုဗီဒီယိုကို ကြည့်ရှမှု အကြိမ်ရေ (၄) သန်းရှိခဲ့ကြောင်း SCMP သတင်းဝက်ဘ်ဆိုက်က ဇူလိုင်လ (၁၉) ရက်နေ့၌ ဖော်ပြသည်။

Source: SCMP