ထိုင်းနိုင်ငံတွင် အိုမီခရွန် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိ

ထိုင်းနိုင်ငံတွင် အိုမီခရွန် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိ

ထိုင်းနိုင်ငံတွင် COVID 19 ဗီဇပြောင်းပိုး အိုမီခရွန်ပြည်တွင်းကူးစက်မှုအဖြစ် နိုင်ဂျီးရီးယားမှပြန်လာသည့် လေယာဉ်မှူး၏ ဇနီး၌ ကူးစက်ခံရကြောင်း ထိုင်းကျန်းမာရေးဌာနက ယနေ့ထုတ်ပြန်သည်။

အဆိုပါထိုင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ကိုလံဘီယာလေယာဉ်မှူးသည် ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၂၆) ရက်နေ့က နိုင်ဂျီးရီးယားမှ ရောက်လာစဉ် COVID 19 ပိုးမရှိကြောင်း ဓါတ်ခွဲအဖြေရထားသည်ဟု သိရသည်။

ယင်းနောက် ဟိုတယ်တွင် အသွားအလာကန့်သတ်နေထိုင်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင်လည်း တတိယအကြိမ် ကာကွယ်ဆေးကိုထပ်မံထိုးထားကြောင်း သိရသည်။

ဒီဇင်ဘာ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ ဇနီးဖြစ်သူ၏နေအိမ်တွင် သွားရောက်နေထိုင်စဉ် လည်ချောင်းနာ၊ ချောင်းဆိုး၍ ဒီဇင်ဘာလ(၆) ရက်နေ့တွင် ထပ်မံစစ်ဆေးရာတွင်လည်း COVID 19 မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရသည်ဟု သိရသည်။

မသက်သာသဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆေးရုံသွားရာ COVID 19 positive တွေ့ရပြီး အိုမီခရွန်ဖြစ်ကြောင်း စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဇနီးဖြစ်သူသည် နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့၌ စစ်ဆေးရာ အိုမီခရွန်ကူးစက်ခံထားရသည်ကို တွေ့ခဲ့ရသဖြင့် ၎င်းအားဆေးရုံပို့ပေးသည့် တက္ကစီဒရိုင်ဘာကိုလည်း ထပ်မံစစ်ဆေးရန် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံပြင်ပမှဝင်လာသူများထံတွင်သာ အိုမီခရွန်ကူးစက်မှုကို တွေ့ခဲ့ရခြင်းဖြစ်ပြီး ယနေ့တွင် ပြည်တွင်းကူးစက်တစ်ဦး စတင်တွေ့ရခြင်းဖြစ်သည်။

ယနေ့တွင် ကော့စမွီသို့ရောက်လာသည့် ဗြိတိန် (၂)ဦးနှင့် ဘယ်လ်ဂျီယံ (၁) ဦးတို့တွင်လည်း အိုမီခရွန်ကူးစက်ထားသည်ကို တွေ့ရသဖြင့် ၎င်းတို့စီးနင်းလာသည့် လေယာဉ်မှ အမှုထမ်းများနှင့် အတူစီးလာသည့် ခရီးသည်များ၊ ၎င်းတို့ တည်းခိုနေသည့် ဟိုတယ်ဝန်ထမ်းများကို အသွားအလာကန့်သတ်၍စစ်ဆေးရန်လုပ်ထားကြောင်း သိရသည်။

#TachileikNewsAgency

source: Bangkok Post