ထိုင်းနိုင်ငံတွင် အချိန်ကာလရှည်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ပြီး နေရပ်ပြန်ခွင့်မရသည့် အသက်(၆၅)နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ထိုင်းနိုင်ငံတွင် အချိန်ကာလရှည်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ပြီး နေရပ်ပြန်ခွင့်မရသည့် အသက်(၆၅)နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး
By Mr John

 

ထိုင်းနိုင်ငံ Samut Prakan ပြည်နယ်တွင် ၎င်း၏သမီးဖြစ်သူက မြန်မာနိုင်ငံသို့ ပြန်ခွင့်မပေးခဲ့သည့် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသားက Bang Phli ခရိုင်ရှိ ၎င်းတို့ ငှားရမ်းနေထိုင်သော အခန်းတွင် ဖေဖေါ်ဝါရီလ (၆) ရက်နေ့၏ ညပိုင်းက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

ဦးစောအောင်ထွန်းသိန်း အမည်ရှိ အမျိုးသားမှာ Bang Pla အရပ် Moo 12 ကျေးရွာရှိ လူနေတိုက်ခန်းတွဲ၏ ဒုတိယထပ်အခန်းတွင် ၎င်း၏သမီးနှင့် သမီးဖြစ်သူနှင့်တွဲနေသည့် အမျိုးသားတို့နှင့်အတူ နေထိုင်ကြသည်ဟု ဆိုသည်။ 

ဦးစောအောင်ထွန်းသိန်း သေဆုံးကြောင်းကို ဖေဖေါ်ဝါရီလ (၆) ရက် ည (၉) နာရီခန့်တွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားမှု လက်ခံရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အခန်းအပြင်ဘက် ဝရန်တာလက်ရန်းတွင် အစိမ်းရောင် နိုင်လွန်ကြိုးတစ်ချောင်းဖြင့် လည်ပင်းကို ကြိုးဆွဲချလျက်သား သေဆုံးနေသည့် အမျိုးသားကို တွေ့ရှိခဲ့ရသည်။ 

၎င်း၏ ခြေထောက်မှာ ကြမ်းပြင်နှင့်ထိလျက် ဒူးများကွေးလျက်သား သေဆုံးနေခြင်းဖြစ်သည်။ 

ဦးစောအောင်ထွန်းသိန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံထားရသည့် လက္ခဏာ မတွေ့ရဟု ရဲတပ်ဖွဲ့က ဆိုသည်။

အသက် (၃၅) နှစ်အရွယ် သမီးဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားမှုအရ သေဆုံးသူ ဦးစောအောင်ထွန်းသိန်းမှာ သူမနှင့် သူမ၏ အမျိုးသားအဖော်တို့နှင့်အတူ အခင်းဖြစ်တိုက်ခန်းတွင် နေထိုင်ကြကြောင်း သိရသည်။ 

ဖခင်ဖြစ်သူမှာ လနှင့်ချီကြာ အလုပ်လက်မဲ့ဖြစ်‌နေခဲ့ပြီး စကားသိပ်မပြောတော့ဘဲ နှုတ်ဆိတ်နေခဲ့သည်ဟု သူမက ဆိုသည်။ 

ဦးစောအောင်ထွန်းသိန်းက မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း ၎င်း၏သားသမီးများ အားလုံးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြခြင်းကြောင့် သူမက ပြန်ခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သူမနှင့် သူမ၏ လက်တွဲဖော်အမျိုးသားတို့က ဖေဖေါ်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် အလုပ်သွားခဲ့ကြကြောင်းနှင့် တိုက်ခန်းသို့ ထိုနေ့ ည (၈) နာရီခွဲခန့်တွင် ပြန်လည်ရောက်ရှိချိန်၌ ဖခင် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သမီးဖြစ်သူက ပြောသည်။ 

အချိန်ကာလရှည်ကြာ အလုပ်လက်မဲ့ဖြစ်နေမှုကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု ယူဆကြောင်း သူမက ဆိုသည်။ 

ဦးစောအောင်ထွန်းသိန်း၏ အလောင်းကို ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးရသည့်အကြောင်းရင်းကို ခွဲခြားသတ်မှတ်ရန် အလောင်းခွဲစိတ်စစ်ဆေးသွားမည်ဟု သိရသည်။

Source: Bangkok Post

Photo: 77kaoded