ထိုင်းလွှတ်တော်တွင် NUG ပါဝင်သည့်  မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရာ စစ်ကောင်စီက ကန့်ကွက်စာပို့သော်လည်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ

ထိုင်းလွှတ်တော်တွင် NUG ပါဝင်သည့်  မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရာ စစ်ကောင်စီက ကန့်ကွက်စာပို့သော်လည်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ
By Mr John

 ထိုင်းလွှတ်တော်တွင် NUG အပါအဝင် ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများ တက်ရောက်ကြသည့် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်စာပေးပို့သော်လည်း ထိုင်းလွှတ်တော်က အဆိုပါ ကန့်ကွက်စာကို ဂရုမစိုက်ပဲ ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ လုပ်တာက မတူကွဲပြားတဲ့ သက်ဆိုင်သူတွေ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆွေးနွေးကြဖို့ ပထမအဆင့်ပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဌဖြစ်သူ Move Forward ပါတီဝင် Rangsiman Rome က မတ်လ(၂)ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

ယခု ဆွေးနွေးပွဲက မြန်မာနိုင်ငံအတွက် ငြိမ်ချမ်းပြီး ရေရှည်တည်တံ့သော နိုင်ငံရေးအဖြေတစ်ခုအတွက် လမ်းဖွင့်ပေးလိမ့်မည်ဟုလည်း ၎င်းကဆိုသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အွန်လိုင်းကနေ တက်ရောက်ပြီး ကရင်အမျိုးသားအစည်းအရုံး Karen National Union (KNU) မှ စောနမ်ရော့ဒ် (Saw Nimrod)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ National Unity Consultative Council (NUCC) မှ ကိုတိုး၊ Curtin တက္ကသိုလ်မှ မထွေးထွေးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူးစ် (Tom Andrews) နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုအောင်ဖုန်းမော် အပါအဝင် သက်ဆိုင်ရာများ ပါဝင်  တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း နှင့် အာဏာသိမ်း စစ်အုပ်စုမှ ကိုယ်စားလှယ် မပါဝင်ဟု သိရသည်။ 



 

ထိုင်းလွှတ်တော်တွင် ၂၀၂၄ ခုနှစ် မတ်လ (၂) ရက်မှ (၃) ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သော "အာဏာသိမ်းပြီး (၃) နှစ်အကြာ" ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲကို ကန့်ကွက်ကြောင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးအ‌ပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ဖြစ်စေသည့် ထိုကဲ့သို့သော ဆွေးနွေးပွဲကို ထိုင်းအောက်လွှတ်တော်တွင် စီစဥ်ကျင်းပခြင်းအတွက် ထိုင်းနိုင်ငံ လွှတ်တော်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကန့်ကွက်စာတွင် ရေးသားထားသည်။

ထိုကဲ့သိုသော လုပ်ဆောင်မှုအ‌ပေါ်  မြန်မာ၏ စိုးရိမ်ပူပန်မှုများကို ထိုင်းအစိုးရ အနေဖြင့် ထိုင်းလွှတ်တော်ကို ထပ်ဆင့်သိစေပြီး နောင်တွင် လက်ရှိ ချစ်ကြည်ရင်းနှီးသော နှစ်န်ုင်ငံဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်နိုင်သည့် မည်သည့် လှုပ်ရှားမှုကိုမဆို မလုပ်ဆောင်‌ရေး အကြောင်းကြားပေးရန်လည်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုကိစ္စရပ်များ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ဒုက္ခသည်များနှင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေရသူများနှင့်ပတ်သက်ပြီး အနာဂတ်မြန်မာ့နိုင်ငံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က ယခုလို ကန့်ကွက်စာပေးပို့သော်လည်း ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။