အီလွန်မက်စ်၏ ကတိမတည်မှုကြောင့်  ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟု Twitter ဘက်ကပြော

Photo: REUTERS/Dado Ruvic/Illustration
Photo: REUTERS/Dado Ruvic/Illustration
အီလွန်မက်စ်၏ ကတိမတည်မှုကြောင့်  ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟု Twitter ဘက်ကပြော
ဇူလိုင် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှုကို ဖျက်သိမ်းလိုက်ကြောင်း ဇူလိုင်လ (၉) ရက်တွင် ကြေညာခဲ့ပြီး ဆိုရှယ်မီဒီယာကုမ္ပဏီက သဘောတူညီချက်ပါ သတ်မှတ်ချက်များကို ကတိမတည် ဖောက်ဖျက်ခဲ့သောကြောင့်ဟု ဆိုသည်။ 

Twitter ဥက္ကဌ Bret Taylor ကမူ ဘုတ်အဖွဲ့အနေဖြင့် အရောင်းအဝယ် သဘောတူညီမှုအတိုင်း ဆက်ဖြစ်စေရန် ဥပဒေကြောင်းအရ ဆောင်ရွက်သွားရန် စီစဥ်ထားကြောင်း ပြောခဲ့သည်။

ယခုအခြေအနေက ဧပြီလအတွင်း Twitter ကို ဝယ်ယူရန် မက်စ်က ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အကောင့်တုကိစ္စများနှင့်အတူ ဇာတ်လမ်းရှည်နေသော မပြီးပြတ်နိုင်သည့် အရောင်းအဝယ်ကိစ္စတွင် နောက်ဆုံးပေါ်ပေါက်လာသည့် အလှည့်အပြောင်းလည်း ဖြစ်သည်။ 

Twitter ဘက်က အကောင့်တုနှင့် spam အကောင့်များ၏ အရေအတွက်နှင့် ပတ်သက်၍ လုံလောက်သည့် သတင်းအချက်အလက်ပေးရန် ပျက်ကွက်ခဲ့မှုကြောင့် အရောင်းအဝယ် သဘောတူညီမှုကို ဖျက်သိမ်းကြောင်း မက်စ်က ဆိုသည်။

မက်စ်က  Twitter ထံမှ ၎င်း၏ အကောင့်တုများပါဝင်မှု အချိုးအစားကို ရရှိရန် စောင့်ဆိုင်းနေစဥ် အရောင်းအဝယ်ကိစ္စကို ယာယီဆိုင်းငံ့ထားမည်ဟု မေလ (၁၃) ရက်တွင် ပြောကြားခဲ့သည်။ 

အရောင်းအဝယ် သဘောတူညီချက်ကို ဖျက်သိမ်းမှုကိစ္စအား ဥပဒေကြောင်းအရ ဆောင်ရွက်ပါက အချိန်ကာလရှည်ကြာ အမှုရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ 

မူလ သဘောတူညီချက်တွင် အရောင်းအဝယ်ကို Twitter က ဖြစ်စေ၊ မက်စ်က ဖြစ်စေ ဖျက်သိမ်းပါက ဖျက်သိမ်းသည့်ဘက်က ဒေါ်လာ (၁) ဘီလီယံ ဖျက်သိမ်းကြေး ပေးရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နေသည့် Twitter ကို ၂၀၀၆ ခုနှစ်တွင် ဂျက်ဒေါ်ဆင်က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းအချက်အလက်တွေအရ Twitter တွင် ဝန်ထမ်းအရေအတွက် ၇,၅၀၀ ကျော်ရှိပြီး ကမ္ဘာတဝန်း အသုံးပြုသူ ၂၁၇ သန်းရှိကြောင်း သိရသည်။

Source: Reuters, BBC