ထိုင်းနိုင်ငံအတွင်း ပြည်နယ်(၁၄)ခုရှိ PT ဓါတ်ဆီဆိုင်များတွင် ဖောက်ထွင်းခိုးယူခဲ့သည့် ဖောက်ထွင်းဝိဇ္ဇာ စုံတွဲကို ဖမ်းမိ

ထိုင်းနိုင်ငံအတွင်း ပြည်နယ်(၁၄)ခုရှိ PT ဓါတ်ဆီဆိုင်များတွင် ဖောက်ထွင်းခိုးယူခဲ့သည့် ဖောက်ထွင်းဝိဇ္ဇာ စုံတွဲကို ဖမ်းမိ
ဖေဖော်ဝါရီ 5, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ မှုခင်းနှိမ်နင်းရေးဌာနခွဲ Crime Suppression Division (CSD) မှ ရဲတပ်ဖွဲ့ဝင်များက နိုင်ငံအရှေ့မြောက်ပိုင်း ရွိုင်းအက်ပြည်နယ်အတွင်း နေရာ (၂) ခုကို ဖေဖေါ်ဝါရီလ (၅) ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြပြီး ဓာတ်ဆီဆိုင်အများအပြားမှ ငွေများ ဖောက်ထွင်ခိုးယူမှုဖြင့် စုံတွဲ တစ်တွဲကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် စုံတွဲက ထိုင်းအ‌ရှေ့မြောက်ပိုင်းရှိ ပြည်နယ် (၁၄) ခုတွင် ဓာတ်ဆီဆိုင်များမှ ဖောက်ထွင်းခိုးယူမှုများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတဝန်း PT ဓာတ်ဆီဆိုင်များ ဖွင့်လှစ်ထားသည့် PTG Agency Plt က နိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ် (၁၄) ခုရှိ PT ဓာတ်ဆီဆိုင် (၃၂) ဆိုင်တွင် မီးခံသေတ္တာများကို ဖောက်ထွင်းကာ စုစုပေါင်း ငွေသား ဘတ် (၂) သန်းခန့် ခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ထို့နောက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး CSD က အဆိုပါ စုံတွဲကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဓာတ်ဆီဆိုင်များတွင် ဖောက်ထွင်းခိုးယူမှုများမှာ ပုံမှန်အားဖြင့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဖြစ်ပွားခဲ့ပြီး ထိုရက်များ၌ ရောင်းရငွေများကို ဘဏ်သို့ မအပ်ရသေးဘဲ ဆိုင်များ၏ မီးခံသေတ္တာများတွင်သာ သိမ်းဆည်းထားဆဲဖြစ်ကြောင်း သိရသည်။

သူခိုးစုံတွဲမှာ မီးခံသေတ္တာဖွင့်ရာတွင် ကျွမ်းကျင်သူများဟု ဆိုသည်။ 

ထိုစုံတွဲက ၎င်းတို့၏မျက်နှာကို မမြင်စေရန် ဆိုင်ကယ်စီးဦးထုပ်များဆောင်ထားကြပြီး လက်ဗွေရာ မကျန်စေရန်လည်း လက်အိတ်စွပ်ထားခဲ့ကြကြောင်းနှင့် ၎င်းတို့ မည်သူဖြစ်ကြောင်း လုံခြုံရေးကင်မရာမှတ်တမ်းများမှတစ်ဆင့် ခွဲခြားဖော်ထုတ်ရန် ခက်ခဲစေခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်ခဲ့ပြီးနောက် CSD က ခိုင်မာသည့် သက်သေအထောက်အထားများ စုဆောင်းရရှိခဲ့ပြီး ရွိုင်းအက်တရားရုံးထံမှ နေရာ (၂) ခုကို ဝင်ရောက်ရှာဖွေရန် ခွင့်ပြုချက်များရရှိခဲ့သည်။

ထို့နောက် CSD ရဲတပ်ဖွဲ့ဝင်များက အဆိုပါ နေရာ (၂) ခုကို စီးနင်းခဲ့ကြပြီး အသက် (၃၃) နှစ်အရွယ် Marut Akkahadsri နှင့် ၎င်း၏ဇနီး အသက် (၂၆) နှစ်အရွယ် Pusanisa Prasertsang တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိခဲ့သည့် စုံတွဲက ဖောက်ထွင်းခိုးယူမှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ 

၎င်းတို့နှစ်ဦးက တရားဝင်မဟုတ်သော ချေးငွေများ ပြန်ဆပ်ရန်နှင့် အိမ်နှင့်ကား အကြွေးဖြင့်ဝယ်ယူထားမှုအတွက် ပေးဆပ်ရန် ငွေလိုအပ်မှုကြောင့်ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

Source: Bangkok Post

Photo: CSD