တရုတ်နိုင်ငံ ဘေဂျင်းတွင် COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက် အစုလိုက် အပြုံလိုက် စစ်ဆေးမှုများ စတင် လုပ်ဆောင်

Covid-19 စစ်ဆေးနေကြစဉ် [ Photo: REUTERS/Tingshu Wang,  ]
Covid-19 စစ်ဆေးနေကြစဉ် [ Photo: REUTERS/Tingshu Wang, ]
တရုတ်နိုင်ငံ ဘေဂျင်းတွင် COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက် အစုလိုက် အပြုံလိုက် စစ်ဆေးမှုများ စတင် လုပ်ဆောင်
By Mr John

ဘေဂျင်းတွင် COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက် အစုလိုက်အပြုံလိုက် စစ်ဆေးမှုများ စတင်လုပ်ဆောင်

တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းမြို့တွင် COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက် သန်းနှင့်ချီသည့် မြို့ခံများကို အစုလိုက် အပြုံလိုက် စစ်ဆေးမှု စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ဘေဂျင်းမြို့၏ အကြီးဆုံး ခရိုင်ဖြစ်သည့် Chaoyang တွင် သီတင်းပတ်ကုန်ရက်များအတွင်း ကူးစက်မှု (၂၆) ခု တွေ့ရှိခဲ့ရပြီးနောက် ထိုခရိုင်ရှိ လူဦးရေ (၃.၅) သန်းလုံးကို COVID-19 စစ်ဆေးမှု သုံးကြိမ် လုပ်ဆောင်သွားမည်ဟု ဘေဂျင်းမြို့ ရောဂါကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။



Chaoyang ခရိုင်တွင် တွေ့ရှိရသည့် ကူးစက်မှုအရေအတွက်မှာ ဘေဂျင်း၏ နောက်ဆုံး ကူးစက်မှုလှိုင်းတွင် အများဆုံးလည်း ဖြစ်လာသည်။

COVID-19 စစ်ဆေးမှုများ စတင်လုပ်ဆောင်နေမှုနှင့်အတူ စူပါမတ်ကက်နှင့် ဈေးဆိုင်များ အပြင်ဘက်တွင် ဘေဂျင်းမြို့ခံ အများအပြားက တန်းစီနေကြသည်ကိုလည်း တွေ့ရပြီး ဘေဂျင်းရှိ အဓိက စူပါမတ်ကက်များကလည်း ဝယ်ယူသူ များပြားလာမှုကြောင့် ဖွင့်လှစ်ရောင်းချချိန်ကို တိုးချဲ့ထားကြောင်း သိရသည်။

လတ်တလော အခြေအနေများနှင့် ပတ်သက်ပြီး ဘေဂျင်းမြို့တော် အစိုးရတာဝန်ရှိသူတွေကတော့ လုံလောက်သည့် စားနပ်ရိက္ခာထောက်ပံ့မှုပေးမည်ဟု အာမခံထားသော်လည်း မြို့ခံတွေက စားနပ်ရိက္ခာနှင့် မရှိမဖြစ် အသုံးအဆောင်များ ဝယ်ယူစုဆောင်းရန် စီစဥ်နေကြသည်။

ရှန်ဟိုင်းတွင် COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက် မြို့၏လူဦးရေ (၂၅) သန်းလုံးကို လက်ရှိအချိန်အထိ သီတင်းပတ်များ lockdown လုပ်ပြီး အသွားအလာကန့်သတ်ထားခဲ့ရပြီး   မတ်လနှောင်းပိုင်းက COVID-19 ကူးစက်မှု ပထမဆုံး တွေ့ရှိခဲ့ရပြီး‌နောက် လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၀,၀၀၀ ကျော်ပြီ ဖြစ်သည်။

ဧပြီ (၂၅) ရက်နေ့၏ ထုတ်ပြန်ချက်အရ ရှန်ဟိုင်းတွင် ဧပြီ (၂၄) ရက်နေ့က COVID-19 ကြောင့် နောက်ထပ် သေဆုံးသူ (၅၁) ဦးရှိခဲ့ပြီး ကူးစက်မှုများ ဆက်လက်မြင့်တက်နေရာ ရှန်ဟိုင်းမြို့ အာဏာပိုင်တွေက lockdown စီမံဆောင်ရွက်ချက်တွေကို ပိုမိုတင်းကျပ်လာခဲ့သည်။

ဘေဂျင်းမြို့တွင်လည်း ရှန်ဟိုင်းမြို့တွင် ဖြစ်ပွားနေသည့် ကူးစက်မှုများကဲ့သို့ အလားတူ အခြေအနေများနှင့် ကြုံတွေ့ရနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြသည်။



COVID-19 ကူးစက်ခံထားရသူများ အပြင်ထွက်ခြင်းကို တားဆီးနိုင်ရန် နေအိမ်တံခါးတွင် အီလက်ထရောနစ် အချက်ပေးစနစ်များ တပ်ဆင်ခြင်း၊ နေအိမ်တွေကို ပိုးသတ်ဆေးဖြန်းရန် နေအိမ်တွင် နေထိုင်သူများကို ရွှေ့ပြောင်းစေခြင်းနှင့် ကူးစက်မှုတွေ့ရသည့် နေရာများတွင် မြင့်မားသည့် ခြံစည်းရိုး သို့မဟုတ် အကာအရံများဖြင့် ပိတ်ဆို့ထားခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။



ရှန်ဟိုင်းမြို့ခံ အများအပြားက lockdown သတ်မှတ်ခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းတို့ကို မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွေ ပြောဆိုမှုများလည်းရှိနေသည်။ ထို့အတူ ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာမှုအပေါ်လည်း မြို့ခံတွေက ဒေါသထွက်နေကြသည်။

အသွားအလာကန့်သတ်သည့် lockdown ကာလကို တိုးချဲ့သတ်မှတ်မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်ဝက်ဘ်ဆိုက်များနှင့် အစိုးရ၏ အထောက်အပံ့ ဖြန့်‌ဝေရေးကိုပင် မနိုင်မနင်းဖြစ်လာစေခဲ့သည်။



Source: Reuters, BBC