မြောက်ကိုရီးယားနှင့် တင်းမာမှုများရှိနေစဥ် အမေရိကန်လေယာဥ်တင် စစ်သင်္ဘော တောင်ကိုရီးယားကျွန်းဆွယ်အနီး ဖြန့်ကျက်

မြောက်ကိုရီးယားနှင့် တင်းမာမှုများရှိနေစဥ် အမေရိကန်လေယာဥ်တင် စစ်သင်္ဘော တောင်ကိုရီးယားကျွန်းဆွယ်အနီး ဖြန့်ကျက်
By Mr John

ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်လေယာဥ်တင်စစ်သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးအုပ်စု ရောက်ရှိနေသည်ဟု အမေရိကန် အစိုးရအရာရှိတစ်ဦးက ပြောသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုတွေနှင့် ပတ်သက်ပြီး တင်းမာမှုများရှိနေစဥ် အမေရိကန်စစ်သင်္ဘောများ ကိုရီးယားကျွန်းဆွယ်အနီး ဖြန့်ကျက်ချထားခြင်းဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်စစ်သင်္ဘောအုပ်စုက အရှေ့ပင်လယ်ဟုလည်း သိထားကြသည့် ဂျပန်ပင်လယ်ပြင်တွင် ရောက်ရှိနေကြပြီး ဂျပန်တပ်ဖွဲ့တွေနှင့်အတူ လေ့ကျင့်ရေးပြုလုပ်ရန်အတွက်ဖြစ်ကြောင်း အမေရိကန်အရာရှိက ဆိုသည်။

ဒေသတွင်း မိမိတို့၏ မဟာမိတ်များနှင့် မိတ်ဖက်များကို စိတ်ချရမှုရှိစေရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ လာမည့် ရက်များအတွင်း မြောက်ကိုရီးယားက မြေအောက် နျူကလီးယားစမ်းသပ်မှုတစ်ခု လုပ်ဆောင်နိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက စိုးရိမ်မှုမြင့်တက်နေစဥ် စစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်တွင် ဖြန့်ကျက်ချထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြား ပင်လယ်ပြင်တွင် အမေရိကန် လေယာဥ်တင်စစ်သင်္ဘောအုပ်စု ဖြန့်ကျက်ချထားခြင်းမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုတွေကြောင့် စစ်အင်အားပြသမှုအဖြစ် အမေရိကန်က USS Ronald Reagan ၊ USS Theodore Roosevelt ၊ USS Nimitz လေယာဥ်တင်စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ထိုပင်လယ်ပြင်တွင် ဖြန့်ကျက်ချထားခဲ့ဖူးသည်။

အမေရိကန်လေယာဥ်တင်စစ်သင်္ဘော USS Abraham Lincoln သည် ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်တွင် (၃)ရက်မှ (၅)ရက်ကြာ ဆက်ရှိနေမည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap က အမည်မဖော်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြသည်။

တောင်ကိုရီးယားမီဒီယာ၏ သတင်းဖော်ပြမှုအပေါ် U.S. Forces Korea (USFK) ၏ ပြောခွင့်ရအမျိုးသားက စီစဥ်ထားသည့် သို့မဟုတ် လုပ်ဆောင်နေသည့် စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးမည် မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

တောင်ကိုရီးယား ရွေးကောက်ခံသမ္မတ Yoon Suk-yeol က ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ နျူကလီးယား ဗုံးကြဲလေယာဥ်များနှင့် ရေငုပ်သင်္ဘောများ ပြန်လည် ဖြန့်ကျက်ချထားရန် လိုလားနေပြီး ၎င်း၏ အကြံပေးပုဂ္ဂိုလ်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်ကို သွားရောက်ခဲ့စဥ် ထိုကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ် ကမ်းလွန် နိုင်ငံတကာရေပြင်တွင် အမေရိကန်စစ်သင်္ဘောအုပ်စု ရောက်ရှိနေခြင်းကို သိထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် အမေရိကန်စစ်တပ်ကိစ္စဖြစ်တာကြောင့် သတင်းတွေနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ 

ဒေသတွင်း အမေရိကန်စစ်ရေးလေ့ကျင်မှုများကို စစ်ပွဲအတွက် လေ့ကျင်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားက ယခင်က ဝေဖန်ခဲ့ဖူးပြီး ထိုစစ်ရေးလေ့ကျင်မှုူတွေက တင်းမာမှုများဖြစ်စေကြောင်း ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း

Source: Reuters