ယူဂန္ဓာနိုင်ငံတွင် စစ်သွေးကြွများက စာသင်ကျောင်းကို တိုက်ခိုက်မှုအတွင်း ကျောင်းသား ၄၀ နီးပါး သေဆုံး

ယူဂန္ဓာနိုင်ငံတွင် စစ်သွေးကြွများက စာသင်ကျောင်းကို တိုက်ခိုက်မှုအတွင်း ကျောင်းသား ၄၀ နီးပါး သေဆုံး
By Mr John

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို အိုင်အက်စ်အကြမ်းဖက်အုပ်စု (ISIS) နှင့် ဆက်နွယ်သည့် စစ်သွေးကြွများက တိုက်ခိုက်မှုအတွင်း ကျောင်းသား (၃၉)ဦးနှင့် အရပ်သား (၂)ဦး သေဆုံးသွားသည့်အပြင် (၆)ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း  အစိုးရတာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

သေဆုံးသူများအနက် အချို့မှာ တောခုတ်ဓားများဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ ၎င်းတို့၏ အိပ်ဆောင်များ မီးရှို့ခံရမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယူဂန္ဓာစစ်တပ် ပြောခွင့်ရအမျိုးသား Flex Kulayigye က CNN သတင်းဌာနကို ပြောသည်။ 

ISIS အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်သည့် Allied Democratic Forces (ADF) သူပုန်အုပ်စုက Lhubirira အလယ်တန်းကျောင်းကို ဇွန်လ (၁၆) ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဂန္ဓာစစ်တပ်က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် စာသင်ကျောင်းမှာ ကွန်ဂိုနိုင်ငံနှင့် နယ်စပ်အနီး Kasese မြို့တွင်ဖြစ်ပြီး ကျောင်းသားများမှာ အသက် (၁၃) နှစ်မှ (၁၈) နှစ်ကြား အရွယ်များဖြစ်သည်။ 

အဆိုပါကျောင်း မီးလောင်မှုကို ဇွန်လ (၁၇) ရက်နေ့ နံနက်ပိုင်းအထိ ငြှိမ်းသတ်ခဲ့ရကြောင်း သိရပြီး တိုက်ခိုက်ခံရစဥ် စာသင်ကျောင်းအတွင်း လူပေါင်း (၆၂) ဦးရှိနေခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Kulayigye က ပြောသည်။



Source: CNN, Reuters

Photo: AFP, AP,