နှစ်ပေါင်း (၁,၉၀၀) သက်တမ်းရှိ ရောမခေတ် ဓားများကို အစ္စရေးနိုင်ငံရှိ ဂူတစ်ခုထဲတွင် တွေ့ရှိ

နှစ်ပေါင်း (၁,၉၀၀) သက်တမ်းရှိ ရောမခေတ် ဓားများကို အစ္စရေးနိုင်ငံရှိ ဂူတစ်ခုထဲတွင် တွေ့ရှိ
စက်တင်ဘာ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 အစ္စရေးနိုင်ငံ ပင်လယ်သေ ကမ်းခြေအနီးရှိ ဂူတစ်ခုထဲတွင် နှစ်ပေါင်း (၁,၉၀၀) သက်တမ်းရှိ ရောမခေတ်မှ ဓား (၄) ချောင်းကို ရှေးဟောင်းသုတေသီများက တွေ့ရှိခဲ့သည်။ 

ရှားပါးသည့် ထိုဓားလက်နက်များကို သစ်သားနှင့် သားရေတို့ဖြင့် ပြုလုပ်ထားသော ဓားအိမ်များအတွင်း အကောင်းပကတိ အနေအထားဖြင့် En Gedi Nature Reserve တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ Israel Antiquities Authority (IAA) က စက်တင်ဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။

နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ဓားများ တွေ့ရှိခဲ့သည့် နေရာမှာ ပင်လယ်သေ (Dead Sea) ကို အပေါ်စီးကနေ မြင်တွေ့နိုင်သော သဲကန္တာရအတွင်း တည်ရှိပြီး ရောမတို့ကို ဆန့်ကျင်ခဲ့သည့် ဂျူးသူပုန်များ ပုန်းအောင်းခဲ့သော နေရာတစ်ခု ဖြစ်ခဲ့သည်။ 

အဆိုပါ တောင်တန်းနယ်မြေကို  ဘီစီ (BC) ပထမရာစု နှင့် အေဒီ (AD) ဒုတိယရာစုကြားတွင် ရောမတို့က ထိန်းချုပ်ထားခဲ့သည်။

ယခု ရောမခေတ် ဓားများနှင့်အတူ သားရေ၊ သစ်သားနှင့် သတ္တု အပိုင်းအစများကိုလည်း ရှေးဟောင်းသုတေသီများက တွေ့ရှိခဲ့သည်။ 

ဓား (၄) ချောင်းအနက် (၃) ချောင်းမှာ အရှည် (၂၄) လက်မမှ (၂၆) လက်မ ရှိပြီး စတုတ္တမြောက် ဓားမှာ အရှည် (၁၈) လက်မ ရှိကြောင်း သိရသည်။ 

ယခု ဓားများ တွေ့ရှိခဲ့သည့် ဂူထဲသို့ ဝင်ပေါက်နေရာတွင် ဂျူးများ တော်လှန်ပုန်ကုန်ခဲ့ကြသည့် ၁၃၂ အေဒီမှ ၁၃၅ အေဒီ အထိ Bar Kokhba revolt စစ်ပွဲကာလမှ ကြေးဒင်္ဂါးတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

Source: CNN, Reuters

Photo: Amir Ganor/Israel Antiquities Authority, . REUTERS/Ronen Zvulun,