တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲက လူငယ် လင်မယား နှစ်ဦးကို ဖမ်းဆီး စစ်ကြောနေ

တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲက လူငယ် လင်မယား နှစ်ဦးကို ဖမ်းဆီး စစ်ကြောနေ
ဖေဖော်ဝါရီ 3, 2023 | 2021 Military Coup| ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လူငယ် လင်မယား(၂)ဦးကို နေအိမ်တွင် စစ်တပ်နှင့်ရဲက ဖမ်းဆီးပြီး  လက်လုပ်ဗုံးတွေ့သည်ဟုဆိုကာ စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

 

တာချီလိတ်မြို့  ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံ(၁)အတွင်းရှိ နေအိမ်(၃)ထပ် လိုင်းခန်းငှားတစ်ခုသို့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ အကူးပိုင်းအချိန်က စစ်တပ်နှင့်ရဲတို့ ရောက်ရှိလာပြီး လူငယ်လင်မယား(၂)ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက်(၂၀)ဝန်းကျင်အရွယ် လှမင်းထက် နှင့် အသက်(၁၇)နှစ်အရွယ် မမွန်လောင်တို့ ဖြစ်ကြောင်း သိရသည်။

နေအိမ်အခန်းသို့ လာရောက်ဖမ်းဆီးချိန်တွင် အိမ်တွင်းပစ္စည်းများကို မွှေနှောက်ရှာဖွေသွားကြောင်း နှင့် ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

"ကားအကြီးနဲ့လာတာ။ ညနက်မှ လာဖမ်းသွားတာ။ လူအင်အားလည်းများတယ်။ လက်လုပ်ဗုံးတွေ့တယ်လို့လည်း ကြားတယ်"ဟု ပါလျှံ(၁)အတွင်း နေထိုင်သူတစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပြောသည်။

ဆက်လက်ပြီးတော့လည်း ၎င်းတို့ နှစ်ဦးအား စစ်ကြောရေးပြုလုပ်နေပြီး ဆက်စပ် ပတ်သက်ဖွယ်ရှိသူများကိုလည်း စုံစမ်းဖော်ထုတ်နေသည့်အတွက် ဖမ်းဆီးခံရသူတို့နှင့် ပတ်သက်သူများအနေဖြင့် ရှောင်ရှားနေထိုင်ကြရန်လည်း ၎င်းက အသိပေးပြောကြားလာသည်။

အဆိုပါ လူငယ်လင်မယား (၂)ဦးကို မဖမ်းဆီးမိ ည(၁၁)နာရီခွဲဝန်းကျင်အချိန်ကလည်း တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းအနောက်ဖက် ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆိုင်ကယ်စီ'လာသည့် လူငယ်(၂)ဦးကို ဖမ်းဆီးသွားကြောင်းလည်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၂)နှစ်ပြည့်အဖြစ် တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညက တာချီလိတ်မြို့နယ်လဝကဦးစီးမှူးရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတို့တွင် အရှေ့ပိုင်းနဂါးအဖွဲ့က ဗုံးတစ်လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ဖောက်ခွဲမှုဖြစ်ပွားသည်ကို ဗျောက်ဖောက်သည်ဟု သတင်းလွှင့်ပြီး စစ်တပ်နှင့်ရဲက စုံစမ်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟုလည်း သတင်းရင်းမြစ်များထံက သိရသည်။ 

တာချီလိတ်မြို့တွင် စစ်တပ်၊ ရဲ နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ရွှေမြန်မာဟိုတယ်ရှေ့ ဂေါက်ကွင်းအဆင်း၊ ရီဂျီးနားဂေါက်ကွင်းအနောက် ဝမ်မိုင်အဆင်းလမ်း၊ ခရိုင်ကြက်ခြေနီရုံးအနီး၊ အနောက်မြို့ပတ်လမ်း၊ လွယ်စတုံသွားရာလမ်း နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ အပြင် ပါလျှံမီးပွိုင့်လမ်းဆုံ၊ ချစ်ကြည်ရေးတံတား အဝိုင်းပတ်အနီးတို့တွင် အဓိက ဦးတည်ပြီး စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

ကင်းပတ်မှုများအနေဖြင့်လည်း ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းမတစ်လျှောက် အပါအဝင် ဂေါက်ကွင်းလမ်း နှင့် ပါလျှံအတွင်း ကင်းလှည့်မှုများ ရှိတတ်သည်ဟု သိရသည်။