တာချီလိတ်မြို့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် စစ်တပ်နှင့်ရဲတို့ ကြောက်လန့်တကြား အပြေးအလွှား သွားစစ်ရာမှ ဗုံးမဟုတ်ဘဲ ဗျောက်အိုး ပေါက်သည်ဟုဆို

တာချီလိတ်မြို့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် စစ်တပ်နှင့်ရဲတို့ ကြောက်လန့်တကြား အပြေးအလွှား သွားစစ်ရာမှ ဗုံးမဟုတ်ဘဲ ဗျောက်အိုး ပေါက်သည်ဟုဆို
ဖေဖော်ဝါရီ 1, 2023 | 2021 Military Coup| ရှမ်းရှေ့

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း  ဆောက်လုပ်ရေးရုံး နှင့် မြို့နယ် လဝက ရုံးအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ည(၆)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က ဖြစ်ပွားသည့် ပေါက်ကွဲမှုကို စစ်တပ်နှင့်ရဲတို့က ကြောက်လန့်တကြား အပြေးအလွှား သွားရောက် စစ်ဆေးရာတွင် ဗုံးမဟုတ်ဘဲ ဗျောက်အိုးပေါက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ရဲနှင့်စစ်သား အရပ်ဝတ်များဖြင့် သေနတ်များ ကိုင်ဆောင်ပြီး လွယ်အိတ်များလွယ်ကာ အပြေးအလွှားရောက်လာပြီး စစ်ဆေးရာ အသံကျယ်လောင်စေသည့် အနီရောင်ဗျောက်အိုးဖြစ်ကြောင်းကို ပေါက်ကွဲရာ နေရာတွင် စက္ကူအနီစများတွေ့ရခြင်းဖြင့် အတည်ပြုနိုင်သည်ဟု ဆိုသော်လည်း ဆန်ဆိုင်းကျောင်းအထိ အသံက ကျယ်လောင်သည့်အထိ ဗျောက်အိုးမဖြစ်နိုင်ဟုလည်း ဒေသခံအချို့က ဆိုသည်။ 

"အာခါလွယ်အိတ်လိုလို လားဟူလွယ်အိတ်လိုလို လွယ်ထားသူက လွယ်ထားတယ်။ အရပ်ဝတ်နဲ့ ကျည်ကာနဲ့ သေနတ်အရှည်ကိုင်ထားတဲ့သူက ကိုင်ထားပြီး ကြောက်ကြောက်လန့်လန့် ရောက်လာကြတဲ့ သဘောဘဲ။ ကားတွေ ဆိုင်ကယ်တွေကိုတော့ လှည့်ပြန်ခိုင်းတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပေါက်ကွဲရာနေရာတွင် ၎င်းတို့သည် ည(၇)နာရီ (၅၀)မိနစ်အချိန်အထိ   သေနတ်များကိုင်ဆောင်ပြီး ဟိုဟိုဒီဒီ ကြည့်နေကြကြောင်း လမ်းသွားလမ်းလာ မြင်တွေ့ရသူများထံက သိရသည်။