မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ နှစ်လအတွင်း ပြောင်းနှင့်ဆန်တန်ချိန် ၂၃,၀၀၀ ကျော်တင်ပို့ထား

မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ နှစ်လအတွင်း ပြောင်းနှင့်ဆန်တန်ချိန် ၂၃,၀၀၀ ကျော်တင်ပို့ထား
ဒီဇင်ဘာ 21, 2019
By Tachileik News Agency

မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ နှစ်လအတွင်း ပြောင်းနှင့်ဆန်တန်ချိန်  ၂၃,၀၀၀  ကျော်တင်ပို့ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ  မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံဘက်သို့ ကုန်သွယ်မှုကို ၂၀၁၉ ခုနှစ်အတွင်း စတင်လိုက်သည့် နှစ်လတာကာလအတွင်း ပြောင်းနှင့် ဆန်တန်ချိန် (၂၃,၀၀၀) ကျော်တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့မှစတင်ပြီး တရားဝင် ခွင့်ပြုချက်ဖြင့် လာအိုဘက်သို့ တင်ပို့ခဲ့ရာ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ ပြောင်းတန်ချိန် (၁၉,၀၀၀) ကျော်၊ ဆန်တန်ချိန် (၄,၀၀၀) ကျော်နှင့် ဆိတ်ကောင်ရေ (၄,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ပြောင်းက ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ အဓိကထွက်ကုန်ပဲ။ (၁၂) ရာသီပြောင်းစိုက်တယ်။ တရုတ်နိုင်ငံက ကြီးမားတဲ့ ဈေးကွက်ကြီးပေါ့။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ပြောင်းတန်ချိန် (၆၀၀၀)လောက် နေ့တိုင်းသွားတယ်။ သူ့ဘက်ကလည်း သူပေါ်တဲ့ အချိန်ရှိတယ်။ ကျွန်တော်တို့ ပို့တဲ့အချိန်ရှိတယ်။ နောက်တစ်ခါ သူ့နိုင်ငံ သူ့ဒေသရဲ့လိုအပ်ချက်တွေ၊ ဥပမာ ယူနန်ပြည်နယ်ရဲ့ မြောက်ဘက်ခြမ်းက လိုမလား၊ တောင်ဘက်ခြမ်းက လိုမလား သူ့ရဲ့ လိုအပ်ချက်အရ ဈေးကွက်ကို ကစားတယ်။ ဒီနှစ်မူဆယ်က လျော့သွားတယ်။ ဒီနှစ်က လာအိုကနေတစ်ဆင့် တရုတ်က ဆွဲလာတယ်။ လာအိုနဲ့ မြန်မာ ချစ်ကြည်ရေးတံတား နှစ်နိုင်ငံသဘောတူညီချက်တွေ ပြီးပြည့်စုံသွားရင် ဒီထက်ကောင်းတဲ့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာမှာပေါ့"ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေ့စဉ်ပြောင်းကားအစီးရေ (၃၀)၊ ဆန်ကားအစီးရေ (၂၀)ခန့် နေစဉ်ဖြတ်သန်းတင်ပို့နေပြီး လမ်းတံတားများ၏ ခံနိုင်ဝန်အရ (၁၂) ဘီးကားများဖြင့်သာ တင်ပို့နေရကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~