ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆို အပါအဝင် မြို့နယ်(၄)မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာ

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆို အပါအဝင် မြို့နယ်(၄)မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာ
ဖေဖော်ဝါရီ 2, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေး စစ်သည်တော်များကို ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့်  (၂)နှစ်အကြာ အလူးအလဲ ထိုးဆင်စစ်ကာ တိုက်ခိုက်နေရသည့် အာဏာသိမ်း စစ်အုပ်စုသည် ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်အပါအဝင် မြို့နယ်(၄)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

အာဏာသိမ်းစစ်အုပ်စုသည် ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် နှင့် ဘော်လခဲမြို့နယ် စုစုပေါင်း မြို့နယ်(၄)မြို့နယ် အပြင် မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားခြင်း ဖြစ်သည်။

 အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံ့အာဏာသိမ်းထားသည့် (၂)နှစ်တာ ကာလအတွင်း တိုင်းနှင့်ပြည်နယ်များရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခြင်း၊ ပြည်သူများအား ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သလို ယခုအခါတွင်လည်း စစ်အုပ်ချုပ်ရေးအမိန့်များကို သတ်မှတ်ကြေညာနေခြင်းလည်း ဖြစ်သည်။