၅၀၅-က နှင့် မတရားအသင်းတို့ဖြင့် ဖမ်းဆီးကာ ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ချမှတ်ခံထားရသည့် မိုင်းဖြတ်မြို့နယ် NLD ဥက္ကဌ ကျန်းမာရေး ချို့တဲ့ပြီး ကွယ်လွန်

၅၀၅-က နှင့် မတရားအသင်းတို့ဖြင့် ဖမ်းဆီးကာ ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ချမှတ်ခံထားရသည့် မိုင်းဖြတ်မြို့နယ် NLD ဥက္ကဌ ကျန်းမာရေး ချို့တဲ့ပြီး ကွယ်လွန်
ဇူလိုင် 21, 2023 | 2021 Military Coup| ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအကျဉ်းထောင်တွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မိုင်းဖြတ်မြို့နယ်ဥက္ကဌ  လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအက်စ်မာဂမ်သည် ထောင်တွင်း နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားကြောင်း သိရသည်။



"ဒီလ (၁၅)ရက်နေ့က ဆုံးပြီး (၁၆)ရက်နေ့မှာ သင်္ဂြိုလ်တာ။ သိရသလောက်ကတော့ ထောင်တွင်းမှာ ဆေးကုသနေရင်းနဲ့ သူ သေမယ့် မနက်မှ ဆေးရုံကို ပို့ပေးတာ။ ဆေးရုံလည်းရောက်ပြီး နေ့လည်ပိုင်းမှာ ဆုံးသွားတယ်"ဟု ကွယ်လွန်သွားသူ နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ဇူလိုင်လ(၂၁)ရက်နေ့တွင် ပြောသည်။



၂၀၂၀ရွေးကောက်ပွဲတွင် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မြို့နယ်ဥက္ကဌ ဖြစ်သူ ဦးအက်စ်မာဂမ်အား   ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က  အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် လှုံ့ဆော်မှုကြောင့်ဟု ဆိုကာ ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့တွင် အမှုဖွင့်ပြီးနောက် ကျိုင်းတုံထောင်တွင် ထောင်ဒဏ်(၄)နှစ် ချမှတ်ထားခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း ဖမ်းဆီး ထောင်ချခံရသည့် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အနိုင်ရကိုယ်စားလှယ်များထဲက  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တာချီလိတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်မှာ ဖမ်းဆီးထောင်ချခံရအပြီး (၅)လကျော်အကြာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေက လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း မိုင်းဖြတ် NLD ဥက္ကဌ ဦးအက်စ်မာဂမ်မှာ ပုဒ်မ ၅၀၅-က အပြင်  မိုင်းဖြတ်မြို့ရဲစခန်းတွင် (ပ)၂၆/၂၀၂၁၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ပါ အမှုဖွင့်ခံရသည့်အတွက် ပြန်လည်လွတ်ပေးသူများတွင် မပါဝင်ခဲ့ရခြင်း ဖြစ်သည်။