ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှ အရပ်သား (၄)ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှ အရပ်သား (၄)ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
ဇန်နဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှ အရပ်သား(၄)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် မဲအိုးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သား(၅၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ (၁၅)ဦးကို လက်ယက်ကုန်းရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မဲအိုးရွာမှ အရပ်သားများ၏ တန်ဖိုးရှိပစ္စည်းများကို မွှေနှောက်ယူဆောင်သွားပြီးနောက် ဖမ်းဆီးထားသည့် ဒေသခံ(၁၅)ဦးနှင့်အတူ လက်ယက်ကုန်းရွာသို့ရောက်စဉ် အမျိုးသား(၃)ဦးကို အပိုင်းပိုင်း ခုတ်သတ်ဖြတ်ပြီးနောက် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်းထည့်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

သေဆုံးသူများမှာ ကိုဇော်ဝင်း၊ ‌ကိုအောင်မြင့်ကျော် (ခ) မောင်နီ (ခ) ကိုကုလား၊ ကိုထွန်း (ယူဆရ)၊ အမျိုးသမီးမှာ မခင်နှင်းဌေး (ယူဆရ)သူတို့ဖြစ်ပြီး အမျိုးသား (၃)ဦးအား ကိုယ်လက်အင်္ဂါများကို ပိုင်းဖြတ်သတ်သွားသည်ဟု ဆိုသည်။

 

လက်ယက်ကုန်းကျေးရွာအား ရှင်းလင်းရေးမပြုလုပ်နိုင်သေးသဖြင့် ဆက်လက်အတည်ပြုရန် ကြိုးစားဆဲဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။ ကျန်ရှိ ဖမ်းဆီးခံရသူများမှာ ပြန်လွတ်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပါ။

#TachileikNewsAgency