ဒေသခံများ ပြန်ပြောပြတဲ့ "အိမ်ပြန်လာမည့် သူများအတွက် လွိုင်ကော်မြို့ရဲ့ အခြေအနေ"

ဒေသခံများ ပြန်ပြောပြတဲ့ "အိမ်ပြန်လာမည့် သူများအတွက် လွိုင်ကော်မြို့ရဲ့ အခြေအနေ"
ဖေဖော်ဝါရီ 15, 2022 | ကယား

အာဏာသိမ်းစစ်ကောင်စီက စစ်ဘေးရှောင်နေသူများ ပြန်လာကြရန်နှင့် ဝန်ထမ်းများ အလုပ်ပြန်ဝင်ရန်  တိုက်တွန်းနေထားသော်လည်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင်း အခြေအနေမှာ  နေအိမ်၊ ဆိုင်ခန်းအားလုံး ဖေါက်ထွင်း ခိုးယူခံထားရမှုများ ဖြစ်ပေါ်နေလျှက်ရှိရာ ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က နေအိမ်သို့ ပစ္စည်းသွားပြန်ယူသည့် ဒေသခံတစ်ဦးက မြင်တွေ့ခဲ့ရသည့် အခြေအနေများအား ပြန်လည်မျှဝေထားသည်ကို Tachileik News Agency က ထပ်မံ ပြန်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

* * * * *  

"ဒီနေ့ လွိုင်ကော် မိုင်းလုံးရပ်ကွက်အိမ်ကို အရဲစွန့်ပြီး ပစ္စည်းပြန်ယူဖို့ စွန့်စားခဲ့ကြပါတယ်။ အရင်ဆုံး ဒကစ လက်မှတ်သွားယူရပါတယ်။ ပြီးနောက် တန်းသွားစီ စောင့်ရပါသေးတယ်။ အလှည့်မကျဘဲ ခြေနေ မကောင်းဘူးထင်ရင် ပြန်လှည့်ပြန်ရပါတယ်။

တန်းစီစောင့်နေတဲ့အချိန်မှာ ကားပေါ်ကလူတွေ အကုန်ဆင်းပြီး ထိုင်ခိုင်းပါတယ်။ ဖုန်းအကုန်သိမ်းပါတယ်။ အကုန်စစ်ပါတယ်။ ဘာပစ္စည်း၊ ဘယ်နေရာ၊ ဘယ်လိုယူမယ်ကစ မေးပါတယ်။ မထင်ရင် မထင်သလို လက်မြှောက်ခိုင်းတတ်သလို ထိုင်ထလည်း လုပ်ခိုင်းပါတယ်။

(၁၁) ထပ်တိုက်မှာ နေရာယူထားကြတယ်။ မိုင်းလုံးဈေးတန်းတစ်လျှောက် ဆိုင်တွေ အကုန်အဖောက်ခံထားရပါတယ်။ တံခါးတွေ အကုန်ပွင့်လျှက်သား ပစ္စည်းတွေ ဖျက်ဆီးခံထားရတာတွေရော အကောင်းရှိနေသေးတာရော အကုန်မြင်တွေ့ရပါတယ်။

(TTH ) ဆိုင်မှန်တွေ အခွဲခံထားရသလို ဒေါ်အေးကြွယ်ဆိုင်လည်း ပွင့်လျှက်သား ပစ္စည်းတွေ ပြန့်ကြဲနေဆဲပါ။ ကုက္ကိုပင်တန်း ကျော်တာနဲ့ ပျက်စီးနေတဲ့ မြို့ပျက်တစ်ခုလိုပါပဲ။ ညှီနံ့လိုလို ပုပ်စော်နံ့တွေနံပြီး ကျောချမ်းပါတယ်။ MOM ဆိုင်ရှေ့မှာ ကားတစ်စီး အပစ်ခံထားရသလား မသိပါ။ ကျည်ပေါက်ရာတွေနဲ့ ပွင့်လျှက်သား အတိုင်းသားရှိနေပြီး အရှေ့မှာမီးရှို့ထားတဲ့ အရာလေးတွေရှိပါတယ်။

မိုင်းလုံးအပေါ်ဘက် အိမ်တော်တော်များများ ပွင့်လျက်သားတွေပါ။ ကျွန်မတို့ အိမ်ရောက်တော့ အရှေ့အိမ်ရော အနောက်အိမ်ရော အပြင်ဘက်က ကျည်ရာကလွဲရင် ဘာမှ မဖြစ်ပေမယ့် အထဲမှာအကုန်မွှေနှောက်ထားပါတယ်။ အိမ်အပေါ်ထပ်  ဘုရားစင်၊ သေတ္တာ၊ ဓာတ်ပုံမှန်ဘောင်တွေပါမချန်ခွာပြီး ဖျက်ဆီးထားခဲ့ပါတယ်။ ပိုက်ဆံကတော့ ဘယ်လိုရှာရှာဘယ်နေရာမှ မရှိတော့ပါ။ အကုန်ဖျက်ဆီး မွှေနှောက်ထားတော့ ပွလန်ကျဲနေပါတယ်။

အောက်ထပ်က ကျွန်မတို့အခန်းမှာ အိပ်ပြီး ချက်ပြုတ်စားသောက်ပြီး အိုးခွက်တွေ ပစ်ခွဲရှုပ်ပွထားပုံရပါတယ်။ အင်္ကျီတွေကအစ အိမ်နေဝတ်ကလွဲရင် မကျန်ပါ အိမ်က ကားဝပ်ရှော့က ပစ္စည်းတွေ၊ မူလီကအစ တန်ဖိုးကြီး အင်ဂျင်အဆုံး ယူဆောင်သွားပါတယ်။ ကြက်အကောင် (၅၀)ကျော်လည်း မတွေ့ခဲ့ရတော့ပါ။ 

ပစ္စည်းတွေ အကြာကြီးယူဖို့ အချိန်မရပါဘူး။ မနက်သွားယူနေချိန်မှာတောင် မိုင်းလုံးအောက်ပိုင်းနဲ့ ဒီးမော့ဆိုဘက်မှာ ပစ်ခတ်နေကြပါတယ်။ ပြန်ထွက်လာရင်လည်း ကားပေါ်ပါပစ္စည်းများကို စစ်ဆေးတာမျိုးရှိပါတယ်။

အိမ်ပြန်ကြသူများ သတိထားရန်အဖို့ ဝေငှပေးပါတယ်။