ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် PDF အင်အား စာရင်းနှင့် တည်နေရာများ  တင်ပြလာရန် ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက လျှို့ဝှက်ညွှန်ကြား

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် PDF အင်အား စာရင်းနှင့် တည်နေရာများ  တင်ပြလာရန် ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက လျှို့ဝှက်ညွှန်ကြား
ဇန်နဝါရီ 27, 2023 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၏ PDF ခန့်မှန်း အင်အားစာရင်းနှင့်  တည်နေရာများကို ပေးပို့ရန် လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရသည်။

"ရှမ်းပြည်နယ်အတွင်း ဘယ်မြို့နယ်တွေမှာ PDF အင်အား ဘယ်လောက်ရှိတယ်ဆိုတာရယ် သူတို့တွေရဲ့ တည်နေရာတွေကို ခန့်မှန်း တင်ပြခိုင်းထားတယ်။ တကယ်တော့ ရှမ်းပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။   တိုင်းနဲ့ပြည်နယ်ထဲက မြို့တွေကိုလည်း အခုလို လျှို့ဝှက် ညွှန်ကြားထားတယ်လို့ သိရပါတယ်၊။ ပြီးခဲ့တဲ့ရက်က ညွှန်ကြားထားတာပါ။"ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးရုံး(တောင်ကြီး)မှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။ 

စာရင်းများကို တင်ပြရာတွင် PDF များ အခြေပြုသည့် ကျေးရွာအမည်၊ အင်အား နှင့် အဖွဲ့အစည်းအမည်များကို ထည့်သွင်းပေးပို့ရမည်ဖြစ်သည့်အပြင်  တည်နေရာများကိုလည်း မြေပုံအညွှန်များဖြင့် ညွှန်ပြပြီး ပေးပို့ရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့ဘက်မှာ PDF ရှိ မရှိ သိမှ မသိနိုင်တော့တာ။ ဘယ်လိုတင်ပြရမလဲ။ ဘာတွေ ညွှန်ကြားနေမှန်းကိုမသိပါဘူး။ ထုံးစံမအတိုင်း ရမ်းရွှီး တင်ပြရတော့မှာပဲ"ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

မြို့နယ်အလိုက် စာရင်းကောက်ယူမှုကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ကြပ်မတ်ကာ  လက်အောက်ရှိ မြို့နယ်များသို့ တဆင့်ပြန်လည် ညွှန်ကြားရမည်ဖြစ်ပြီး  ဖြည့်စွက်ရမည့် စာရင်းနှင့်မြေပုံ နမူနာအား ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီးအဖွဲ့များ လိုက်လံ ဖွဲ့စည်းပေးနေသည့် လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားတို့မှ တင်ပြထားသည့် PDF စာရင်းများကို နမူနာရယူပြီး တိုင်းနှင့်ပြည်နယ်အတွင်း မြို့နယ်များအလိုက် အလားတူ ပုံစံဖြင့် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ်အတွင်း ကျင်းပမည်ဟု ကြေညာထားပြီးနောက် တိုင်းနှင့်ပြည်နယ်များသို့ ခရိုင်အဆင့်မှ မြို့နယ်ဌာနအဆင့်သို့ အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားမှုများရှိနေသည်ဟုလည်း သိရသည်။