ပြည်သူများ အသက်အန္တရာယ် ဘေးကင်းရေးအတွက် သင်္ကြန်ကာလအတွင်း ပွဲလမ်းသဘင် နှင့် လူစုလူဝေးများ မပြုလုပ်ရန် AA က အသိပေး မေတ္တာရပ်ခံ

ပြည်သူများ အသက်အန္တရာယ် ဘေးကင်းရေးအတွက် သင်္ကြန်ကာလအတွင်း ပွဲလမ်းသဘင် နှင့် လူစုလူဝေးများ မပြုလုပ်ရန် AA က အသိပေး မေတ္တာရပ်ခံ

 ရခိုင်ပြည်နယ်အတွင်း နေရာတော်တော်များများတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က လူစုလူဝေးဟု ယူဆရသည့် နေရာများကို လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိ၍  ပြည်သူများ အသက်အန္တရာယ်ကင်းရေးအတွက် သင်္ကြန်ကာလအတွင်း လူစုလူဝေး နှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် ရက္ခိုင့်တပ်တော်(AA) က ၂၀၂၄ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် အသိပေး မေတ္တာရပ်ခံထားသည်။

"စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီသည် မိမိတို့ အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်း သာမက မိမိတို့မှ နောက်ထပ် သိမ်းပိုက်ရန် ကြိုးပမ်းနေသော နေရာများတွင်ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း၊ အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ရန် နေ့စဉ် ရက်ဆက် ကြိုးပမ်းလျက် ရှိနေပါသည်"ဟု AA က အသိပေးထားခြင်း ဖြစ်သည်။

"ယခုအချိန်ကာလသည် စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့်အလျောက် မကြာမီ ကျရောက်လာမည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့်ကျေးလက်ဒေသများ၌ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲ ရွှင်ပွဲများကို မပြုလုပ်ကြပါရန် အာရက္ခမိဘပြည်သူများအား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်"ဟု အသိပေး မေတ္တာရပ်ခံချက်တွင် ထည့်သွင်းပြောကြား ထားသည်။

အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးများရှိရာကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်တတ်သည့်အတွက် သင်္ကြန်ကာလအတွင်း လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်း၊ လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ၊ Show ပွဲများ ပြုလုပ်ခြင်း နှင့် ဘုန်းကြီးကျောင်းများ၌ လူစုလူဝေးကြီးများ ပြုလုပ်ပြီး ဥပုပ်သီလဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း "လုံးဝ"မပြုလုပ်ကြရန် ထပ်မံ မေတ္တာရပ်ခံထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ ပြည်သူများကို အလစ်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သော အကျင့်ရှိသည့်အတွက် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက် အပြုံလိုက် သေဆုံး ဒဏ်ရာရရှိမှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် လိုက်နာပေးကြရန် အသိပေးထုတ်ပြန်ထားရှိသည်။