နမ့်ခမ်းစခန်းသစ်ကုန်းမကျရေး စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ TNLA သိမ်းဆည်း

နမ့်ခမ်းစခန်းသစ်ကုန်းမကျရေး စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ TNLA သိမ်းဆည်း
ဒီဇင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်တပ်စခန်း မကျဆုံးရေး အင်အားဖြည့်တင်းခဲ့သည့် စစ်ကောင်စီတပ်ကို TNLAကတိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်(၁၉)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စခန်းသစ်ကုန်းမကျရေးအတွက် စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သင်္ချိုင်းကုန်းနှင့် ကွန်လုံကျေးရွာ ဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် အင်အား (၁၀၀)နီးပါးအား (၃)ကြိမ် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို TNLAက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဖယိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့သည်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပို့ဆောင်ခြင်း၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News