ဘရာဇီးတွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် သမ္မတဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက ရဲဌာနချုပ်ကို တိုက်ခိုက်

ဘရာဇီးတွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် သမ္မတဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက ရဲဌာနချုပ်ကို တိုက်ခိုက်
ဒီဇင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် လက်ယာစွန်းဝါဒီသမ္မတ ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက မြို့တော်ဘရာစီလီယာရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တိုက်ခိုက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ 

သမ္မတဘိုလ်ဆွန်နာရို ရွေးကောက်ပွဲရှုံးနိမ့်ပြီး လူလာဒါဆေးလ်ဗားကို သမ္မတအဖြစ် တရားဝင် အတည်ပြုလိုက်သည့်နေ့တွင် ရွေးကောက်ပွဲအလွန် အကြမ်းဖက်အဓိကရုဏ်း ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံဘောလုံးအသင်း၏ အဝါရောင် ဂျာစီများကို ဝတ်ဆင်ထားသူများ သို့မဟုတ် ဘရာဇီးအလံ လွှမ်းခြုံထားသူများ အဓိက ပါဝင်သည့် ဘိုလ်ဆွန်နာရိုကို ထောက်ခံသူအုပ်စုက ရဲတပ်ဖွဲ့ဌာနချုပ်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။

 ရဲတပ်ဖွဲ့က stun grenade ခေါ် မျက်စိကျိန်းစပ်ပြာဝေသွားစေသည့် ဗုံးများနှင့် မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့ကြောင်းနှင့် ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက ရဲဌာနာချုပ်အနီးရှိ ကားများကို မီးရှို့ခဲ့ကြသည်။

ရဲဌာနချုပ်အနီးတွင် နှောင့်ယှက်ဆူပူလှုပ်ရှားမှုကို မြို့တော်လုံခြုံရေးတပ်ဖွဲ့ အကူအညီဖြင့် ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရဲတပ်ဖွဲ့က ပြောသည်။

 ဒီမိုကရေစီကို ဆန့်ကျင်သည့်လုပ်ရပ်များလုပ်ရန် တရားမဝင် အုပ်စုဖွဲ့ အကြမ်းဖက်မှုအတွက် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော ဘိုလ်ဆွန်နာရိုကို ထောက်ခံသူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရဲဌာနချုပ်တွင် အကြမ်းဖက်မှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးမိန့်ထုတ်ခဲ့သူ တရားသူကြီးက ဆိုသည်။

အောက်တိုဘာလ (၃၀) ရက်နေ့ ရွေးကောက်ပွဲအတွင်း ဘိုလ်ဆွန်နာရို၏ ပြိုင်ဘက်ဖြစ်သူ လက်ဝဲဝါဒီ လူလာဒါဆေးလ်ဗား အနိုင်ရကြောင်းနှင့် သမ္မတအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တရားရုံး (TSE) က ဒီဇင်ဘာလ (၁၂) ရက် အစောပိုင်း၌ အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။ 

ဘရာဇီး၏ ရွေးကောက်ပွဲ မဲပေးမှုစနစ်မှာ လိမ်လည်ရန်လွယ်ကူကြောင်း အခြေအမြစ်မရှိသော ယူဆပြောဆိုမှုများ ထွက်ပေါ်နေခဲ့ပြီးနောက် ဘိုလ်ဆွန်နာရိုက လူလာဒါဆေးလ်ဗားကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်မခံခဲ့သလို အာဏာလွှဲပြောင်းမှုကို တရားဝင် တားမြစ်ပိတ်ပင်ခဲ့သည်။

သမ္မတဘိုလ်ဆွန်နာရို၏ အမာခံ ထောက်ခံသူအချို့ကမူ အမြန်လမ်းမများကို ကုန်တင်ယာဥ်များဖြင့် ပိတ်ဆို့ထားခဲ့ပြီး စစ်တန်းလျားများရှေ့တွင် ယာယီစခန်းချနေထိုင်ခဲ့ကြကာ ရွေးကောက်ပွဲအနိုင်သည့် လူလာဒါဆေးလ်ဗားကို သမ္မတဖြစ်ခွင့်မပြုဘဲ စစ်တပ်က အာဏာသိမ်းရန် တောင်းဆိုခဲ့ကြသည်။ 

ဒီဇင်ဘာလ (၁၂) ရက် မွန်းလွဲပိုင်းတွင် ရာနှင့်ချီသည့် ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက ဘရာဇီးသမ္မတနေအိမ် အပြင်ဘက်တွင် စုရုံးပြီး စစ်တပ်က ကြားဝင်ရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များနှင့်အတူ ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

Source: Reuters

Photo: REUTERS/Adriano Machado, REUTERS/Ueslei Marcelino