ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အငယ်ဆုံးသမီး ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်မည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အငယ်ဆုံးသမီး ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်မည်
By Mr John

ပြည်ပြေးတစ်ဦးအဖြစ် ပြည်ပနိုင်ငံတစ်ခုတွင် နေထိုင်လျက်ရှိသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သမီးအငယ်ဆုံးဖြစ်သူက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု ကြေညာလိုက်သည်။ 

လွန်ခဲ့သည့် (၈) နှစ်က လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြတ်ချခံခဲ့ရပြီးနောက် အဓိက အတိုက်အခံအုပ်စုက အာဏာပြန်လည်ရရှိရန် ကြိုးပမ်းနေစဥ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီးက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ဖော်ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သက်ဆင်၏ သမီးအငယ်ဆုံး ပက်သွန်တန်ရှင်နာဝပ်ထရာ (Paethongtarn Shinawatra) က ဖွေထိုင်းပါတီ (Pheu Thai Party) ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။ 

ဖွေထိုင်းပါတီကို သူမ၏ ဘီလျံနာမိသားစုက လွန်ခဲ့သည့် ဆယ်စုနှစ် (၂) ခုတွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ပက်သွန်တန်၏ဖခင် သက်ဆင်နှင့် အဒေါ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်ထရာတို့ နှစ်ဦးလုံးမှာ ထိုင်းဝန်ကြီးချုပ်များဖြစ်ခဲ့ကြပြီး စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။

"ဟုတ်ပါတယ်။ ကျွန်မ အသင့်ဖြစ်နေပါပြီ" ဟု ပက်သွန်တန်က ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ရှင်နာဝပ်ထရာတို့ကို ၂၀၀၁ ခုနှစ်ကတည်းက အစဥ်အဆက် အားပေးထောက်ခံခဲ့သည့် ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ကျေးလက်ဒေသသို့ ရောက်ရှိစဥ်အတွင်း ဇန်နဝါရီလ (၁၅) ရက်နေ့က သတင်းထောက်များကို ပြောခဲ့သည်။ 

"ကျွန်မတို့ ရွေးကောက်ပွဲကို မဲအပြတ်အသတ်နဲ့ အနိုင်ရချင်ပါတယ်။ ဒါမှ ကျွန်မတို့ လူထုကိုပေးထားတဲ့ ကတိကဝတ်တွေ အမှန်တကယ် ဖြစ်လာနိုင်မှာပါ" ဟု သူမက ဆိုသည်။

ရှင်နာဝပ်ထရာမိသားစု၏ ဖွေထိုင်းပါတီမှာ ကျေးလက်နှင့် မြို့ပြအလုပ်သမားလူတန်းစားများကြားတွင် အကြီးအကျယ် အားပေးထောက်ခံမှုရရှိထားကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအများစု အနိုင်ရခဲ့သော်လည်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ရှင်နာဝပ်ထရာတို့ကို သစ္စာခံသည့် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အာဏာပိုင်များကို စစ်တပ် သို့မဟုတ် တရားရုံးဆုံးဖြတ်ချက်များဖြင့် တစ်ဦးချင်း ဖယ်ရှားပစ်ခဲ့ရာ ထိုင်းနိုင်ငံတွင် (၁၇) နှစ်ကြာ ဖြစ်ပေါ်နေခဲ့သည့် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

အသက် (၃၆) နှစ်အရွယ် ပက်သွန်တန်က ပြီးခဲ့သည့်နှစ်အတွင်း ပါတီ၏ မဲဆွယ်စည်းရုံးမှု လူထုစုဝေးပွဲများသို့ တက်ရောက်ခဲ့ပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုသဘောထားစစ်တမ်းများအရ ရွေးကောက်ပွဲဝင်မည့် ဝန်ကြီးချုပ်လောင်းများအနက် သူမက ထိပ်ဆုံးမှ ဦးဆောင်နေခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ပရာယွတ်ထက် များစွာ လူကြိုက်ပိုများကြောင်း သိရသည်။

ပရာယွတ်က ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ပက်သွန်တန်၏ အဒေါ်ဖြစ်သူ ဝန်ကြီးချုပ်ယင်လတ်ကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် စစ်ခေါင်းဆောင်ပရာယွတ်က ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ (၄) နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဦးဆောင်မှုဖြင့် ပြင်ဆင်ရေးဆွဲစေခဲ့ကာ ထိုရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သူဖြစ်သည်။

အသက် (၆၈) နှစ်အရွယ် ပရာယွတ်က အသစ်တည်ထောင်ထားသည့် နိုင်ငံရေးပါတီ United Thai Nation Party သို့ မကြာသေးမီက တရားဝင် ဝင်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် အဆိုပါ ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် စီစဥ်ထားခြင်းဖြစ်သည်။ 

လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာယွတ်အနေဖြင့် လွှတ်တော်ကို ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ် မေလတွင် ရွေးကောက်ပွဲ ကျင်းပသွားရမည် ဖြစ်သည်။



Source: Reuters