ပြည်သူများ စစ်ကောင်စီတပ်နှင့်အတူ နီးကပ်စွာနေထိုင်ခြင်းမပြုလုပ်ကြရန် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များ သတိပေး

ပြည်သူများ စစ်ကောင်စီတပ်နှင့်အတူ နီးကပ်စွာနေထိုင်ခြင်းမပြုလုပ်ကြရန် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များ သတိပေး
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေ၍ အများပြည်သူအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးကပ်စွာနေထိုင်ခြင်းအား သတိပြုရှောင်ရှားကြရန် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် သတိပေးစာ ထုတ်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်နှင့်အတူ စစ်ကြောင်းချီလိုက်ပါခြင်း၊ လမ်းပြခေါ်ဆောင်ပေးခြင်း၊ စခန်းချအတူနေခြင်း၊ စစ်ကောင်စီအတွက် လက်နက်၊ရိက္ခာသယ်ပေးခြင်းများကြောင့် အများပြည်သူ ထိခိုက်မှုများ ဖြစ်ပွားစေနိုင်ကြောင်း အထူးသတိပေးအပ်ပါသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဖယ်ခုံ-မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားနေသည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံများ၏အဆိုအရ နမ့်စန်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များလည်း ယခုရက်ပိုင်းအတွင်း ရှမ်းတောင်ရှေ့တန်းသို့ ထွက်ခွာသွားကြကာ PNO အဖွဲ့များကိုလည်း ညောင်ရွှေသို့ပို့နေသည်ဟု သိရသည်။

ဒီရက်ပိုင်း နမ့်စန်တပ်ကဟာတွေ ကားငါးစီးအပြည့်နဲ့ တောင်ကြီးဘက်တက်သွားကြတယ်။ ဒီရက်ပိုင်း နမ့်စန်မှာ ဗုံးသံကြားလိုက်၊ သေနတ်ဖောက်သံကြားလိုက်နဲ့ အသံတွေကြားလာရတယ်။

ဟု ရှမ်းတောင်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး အဆိုပါတိုက်ခိုက်မှုများအတွင်း PNO နှင့် ပျူစောထီးခေါ် စစ်ကောင်စီတပ်၏ ပြည်သူ့စစ်အဖွဲ့များက စစ်ကောင်စီတပ်များအား လမ်းပြအဖြစ် ကူညီတိုက်ခိုက်ခြင်းများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် ၎င်းတို့၏လက်အောက်ခံများဖြစ်သည့် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့များကို လမ်းပြအဖြစ် အသုံးပြုသည့်အပြင် အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပြစေခြင်း၊ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခြင်း၊ လက်နက်၊ရိက္ခာများသယ်စေခြင်းတို့ကို ခိုင်းစေခြင်းများလည်း လုပ်ဆောင်လေ့ရှိသည်ကို တွေ့ရသည်။