လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည့် နမ့်စန်မြို့တွင်  မီတာခ လာမဆောင်ပါက မီးဖြတ်မည်ဟု EPC က မြို့တွင် ပတ်အော်နေ

လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည့် နမ့်စန်မြို့တွင်  မီတာခ လာမဆောင်ပါက မီးဖြတ်မည်ဟု EPC က မြို့တွင် ပတ်အော်နေ
ဖေဖော်ဝါရီ 10, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း လျှပ်စစ်မီး ပုံမှန် မပေးနိုင်သည့် နမ့်ဆန်မြို့တွင် လျှပ်စစ်ဓါတ်အားခများကို လာရောက်ပေးဆောင်ခြင်း မရှိပါက လျှပ်စစ်မီး ဖြတ်တောက်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ မြို့နယ်လျှပ်စစ်ဌာနက မြို့တွင်း  လှည့်ပတ် အော်နေကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညပိုင်းတွင်  လှည့်လည်ကာ လော်ဖြင့် အော်နေခြင်းဖြစ်ပြီး ယခုလို အော်ခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

နမ့်စန်မှာ မီတာခ မဆောင်လို့ လိုက်အော်နေတယ်။ မီတာခ ဆောင်ကြဖို့တဲ့။ မဆောင်ရင် မီးလာဖြတ်မယ်တဲ့။ အရင်က မအော်ဖူးဘူး။ အခုက ပထမအကြိမ်ပါ။ ပြည်သူတွေကတော့ မဆောင်ကြဘူး။ အခုအော်နေတဲ့အချိန်တောင် မီးမလာဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

နမ့်စန်မြို့တွင် ဆေးရုံများ အပါအဝင် လူနေအိမ်များအထိ တစ်နေ့လျှင် အနည်းဆုံး လျှပ်စစ်မီး(၈)နာရီ ပြတ်တောက်လေ့ရှိပြီး လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်ခြင်း မရှိဘဲ  မြို့နယ်လျှပ်စစ်ဌာနက လျှပ်စစ်မီးလင်းရေးထက် မီတာခ ရရှိရေးကိုသာ စိတ်အားထက်သန်နေသည်ဟု ဒေသခံများက ဆိုသည်။