ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ ရုန်းကန်နေရစဥ် ပူတင်၏ အရင်းနှီးဆုံးမိတ်ဖက်များက နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်

 Photo: The Bell/ ဒမီထရီ မက်ဗီဒက်ဗ်၊ ဗလာဒီမာ ပူတင်နှင့် ဗီယက်ချီစလဗ် ဗိုလိုဒင်
Photo: The Bell/ ဒမီထရီ မက်ဗီဒက်ဗ်၊ ဗလာဒီမာ ပူတင်နှင့် ဗီယက်ချီစလဗ် ဗိုလိုဒင်
ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ ရုန်းကန်နေရစဥ် ပူတင်၏ အရင်းနှီးဆုံးမိတ်ဖက်များက နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်
ဇန်နဝါရီ 23, 2023 | 2021 Military Coup| နိုင်ငံရေး
By Mr John

ရုရှားပိုင်နက်နယ်မြေများကို ခြိမ်းခြောက်နေသည့် ထိုးစစ်ဆင်တိုက်ခိုက်ရေး လက်နက်များ ယူကရိန်းသို့ ပေးပို့နေခြင်းက နျူလက်နက် ပဋိပက္ခဆီသို့ ဦးတည်စေနိုင်ပြီး ကမ္ဘာကြီးကပ်ဆိုက်သော အခြေအနေသို့ ဦးတည်သွားလိမ့်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရင်းနှီးသည့် မိတ်ဖက်များက ခြိမ်းခြောက်လိုက်သည်။

ယူကရိန်းကို အမေရိကန်နှင့် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ (NATO)၏ အားပေးကူညီမှုက ကမ္ဘာကို ကြောက်မက်ဖွယ်ရာ စစ်ပွဲတစ်ခုဆီသို့ ဦးတည်စေနိုင်ကြောင်း ရုရှား အောက်လွှတ်တော်ဥက္ကဌ ဗီယက်ချီစလဗ် ဗိုလိုဒင်ကလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြောဆိုခဲ့သည်။ 

အမေရိကန်နဲ့ NATO နိုင်ငံတွေက ကျွန်တော်တို့ရဲ့  ပိုင်နက်နယ်မြေတွေကို သိမ်းယူဖို့နဲ့ အရပ်သားမြို့တွေကို တိုက်ခိုက်ဖို့ အသုံးပြုမယ့် လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုရင် ဒါက ပိုမိုအားကောင်းပြင်းထန်တဲ့ လက်နက်တွေသုံးပြီး လက်တုံ့ပြန်မှုဆီကို ဦးတည်သွားလိမ့်မယ်

 ဟု နျူကလီးယားလက်နက်ကို ရည်ညွှန်းပြီး ဗိုလိုဒင် က တယ်လီဂရမ်တွင် ပြောထားသည်။

နေတိုးမဟာမိတ်အဖွဲ့နှင့် အခြားနိုင်ငံများက ဂျာမနီတွင်တွေ့ဆုံမှုအပြီးတွင် ရုရှားသမ္မတဟောင်းဖြစ်ပြီး လက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဌလည်းဖြစ်သည့် ဒမီထရီ မက်ဗီဒက်ဗ်က ယူကရိန်းတွင် ရုရှားရှုံးနိမ့်မှုက နျူကလီးယားစစ်ပွဲသို့ ဦးတည်သွားနိုင်ကြောင်း ဇန်နဝါရီလ (၁၉)ရက်နေ့တွင် တယ်လီဂရမ်၌ ရေးသားထားသည်။

သမားရိုးကျ စစ်ပွဲမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ရှုံးနိမ့်မှုက နျူကလီးယားစစ်ပွဲ ဖြစ်စေနိုင်တယ်

 ဟု ရုရှားသမ္မတဟောင်းလည်းဖြစ်သူ မက်ဗီဒက်ဗ်က Telegram တွင် ခြိမ်းခြောက်ထားသည်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက ယူကရိန်းအတွက် စစ်လက်နက် ပစ္စည်းများ အလုံးအရင်းနှင့် ထောက်ပံ့ပေးနေခဲ့ခြင်းဖြစ်သည်။ 

ထိုလက်နက်အကူအညီများနှင့်အတူ ယူကရိန်းတပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ရုရှားတပ်ဖွဲ့များမှာ စစ်ပွဲအစပိုင်းတွင် ၎င်းတို့ သိမ်းပိုက်ခဲ့သော အရေးပါသည့် ယူကရိန်း၏ မြို့ကြီးများနှင့် နယ်မြေများမှ ပြန်ဆုတ်ခွာခဲ့ကြရပြီး အရေးနိမ့်မှုများ ကြုံနေရသည်။

Source: Reuters, CNN