ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုး မီးရှို့လာသည့် အာဏာသိမ်းတပ် ခင်ဦးမြို့နယ်တွင်း လက်နက်ကြီးများပစ်ပြီး ဝင်လာ၍ ဒေသခံများ ထွက်ပြေးနေရ

ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုး မီးရှို့လာသည့် အာဏာသိမ်းတပ် ခင်ဦးမြို့နယ်တွင်း လက်နက်ကြီးများပစ်ပြီး ဝင်လာ၍ ဒေသခံများ ထွက်ပြေးနေရ
By Tachileik News Agency

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မြေအတွင်း စစ်ကြောင်းထိုး မီးရှို့နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် ခင်ဦးမြို့နယ်ဘက်သို့ လက်နက်ကြီးများပစ်၍ ဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင်  ရွှေဘို-မြစ်ကြီးနားလမ်း(ဗျူဟာလမ်းပိုင်း) အရှေ့ဘက် ခင်ဦးနယ် အရှေ့မြောက်ခြမ်း ယောက်သွာအိုင်ကျေးရွာကို လက်နက်ကြီးများပစ်ခတ်၍ ဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ပစ်ခတ်ဝင်ရောက်လာမှုကြောင့် အလယ်ရှို၊ ယောက်သွားအိုင်၊ ကုလားလူးနှင့် ရှားလွင် စသည့်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းတပ်၏ ရာဂဏန်းဝန်းကျင်ပါသည့် စစ်ကြောင်းနှစ်ကြောင်းရှိနေပြီး စစ်ကြောင်းတစ်ကြောင်းမှာ မဒေါင်းလှ ပျူစောထီးစခန်းတွင် ယမန်နေ့ကတည်းက ရောက်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်းတို့စစ်ကြောင်းထိုးရာတလျှောက်ကို လက်နက်ကြီးများပစ်ခတ်ဝင်လာတတ်၍ အများပြည်သူအနေဖြင့် စစ်ကြောင်းနှင့် အနည်းဆုံး (၅)မိုင်အကွာထိ တိမ်းရှောင်ကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ် အင်အားရာဂဏန်းဝန်းကျင်ဖြင့် ကန့်ဘလူနယ် မြေမွန်၊ တယော်ကိုင်းကျေးရွာတို့ကို မီးရှို့ခဲ့ပြီးနောက် ကျွဲဖြူဘုန်းကြီးကျောင်းတွင် ညအိပ်ခဲ့ကာ ယနေ့တွင် ခင်ဦးမြို့နယ်တွင်း ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။