ကျွန်းလှမြို့နယ်အတွင်း ကြာတကန်ရွာနှင့် စစ်ရှောင်တဲများကို ပျူစောထီးများနှင့် အာဏာသိမ်းစစ်အုပ်စုတို့ မီးရှို့ဖျက်ဆီးသွား

ကျွန်းလှမြို့နယ်အတွင်း ကြာတကန်ရွာနှင့် စစ်ရှောင်တဲများကို ပျူစောထီးများနှင့် အာဏာသိမ်းစစ်အုပ်စုတို့ မီးရှို့ဖျက်ဆီးသွား
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာ နှင့် စစ်ရှောင်တဲများကို ပျူစောထီးများနှင့် အာဏာသိမ်းစစ်အုပ်စုတို့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၁၁)ရက်နေ့၏ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကျွန်းလှမြို့ပေါ်မှ ထွက်လာသော အာဏာသိမ်းစစ်အုပ်စု၏ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး အင်အား ၁၂၀ ဝန်းကျင်သည် နေ့လည်ပိုင်းတွင် ကြာတကန်ရွာအနီးရှိ စစ်ရှောင်တဲတိုက်များအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကြာတကန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကျွန်းလှမြို့နယ် ကြာတကန်ရွာနှင့် ထန်းပင်ကုန်းရွာအပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများပါ အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့သည် ပြီးခဲ့သည့်ဇန်နဝါရီလဆန်းပိုင်းကလည်း ကြာတကန်ရွာနှင့် ထန်းပင်ကုန်းရွာကို ပထမအကြိမ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ထန်းပင်ကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၅၉ လုံးနှင့် ကြာတကန်ရွာမှ စစ်ရှောင်တဲတိုက်များအား မီးရှို့ဖျက်ဆီးခဲ့သည့်ပြင် စပါးတင်းတစ်ထောင်ကျော် ခိုးယူသယ်ဆောင်သွားကာ ဒေသခံနှစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

ပုံအညွှန်း - ဇန်နဝါရီလဆန်းပိုင်းတွင် ကြာတကန်ရွာမှ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူတစ်ဦးနှင့် ထန်းပင်ကုန်းရွာမှ မီးရှို့ဖျက်ဆီးခံရသည့် အိမ်များ

 

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့