ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို မဟာမိတ်တပ်များသိမ်း၊ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံး

ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို မဟာမိတ်တပ်များသိမ်း၊ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံး
နိုဝင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌မြောက်ပိုင်း ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို မဟာမိတ်တပ်များက ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်မ (၉၉)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦး‌သေပြီး တပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း မဟာမိတ်တပ်များထံမှ သိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့တို့တွင် မဟာမိတ်တပ်များသည် ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း (၂)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး လုံခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ရင်းမှူးတစ်ဦး သေဆုံးကြောင်း သိရသည်။  

နိုဝင်ဘာလ (၂၆)ရက်နေ့က ကိုးကန့် တုန်းရှမ်းဒေသ မှတ်တိုင် (၁၂၇) ဓာတ်အားပေးစက်ရုံတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီကုန်း High Pointတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခဲ့သည်ဟုလည်း သိရသည်။

နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ နန်တောက်အုပ်စု၊ လုံခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မ (၉၉)လက်အောက်ခံ တပ်ရင်း(၇၉)၏ တပ်ရင်းမှူးသေပြီး အလောင်းကို  မူဆယ်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီ ခမရ (၄၂၀)၏ ဒဏ်ရာရ တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရမိပြီး MNDAAမှ လူသားချင်းစာနာထောက်ထားမှုအရ ဆေးကုသ ကယ်ဆယ်ပေးထားကြောင်း သိရသည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၇၈)ခုကို မဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency