အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒုက္ခရောက်ရသည့် ကျေးရွာများသို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက် ထောက်ပံ့လှူဒါန်း

အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒုက္ခရောက်ရသည့် ကျေးရွာများသို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက် ထောက်ပံ့လှူဒါန်း
ဇန်နဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများထဲက အိမ်ထောင်စု (၉၃)စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒုတိယအကြိမ်အဖြစ် မီးဖိုချောင်းသုံးပစ္စည်းများနှင့် ဆန်၊ဆီများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များထဲက အိမ်ထောင်စု (၉၃)စုကို တစ်အိမ်ထောင်စုလျှင် ဒန်အိုး (၁)လုံး၊ ဒယ်အိုး (၁)လုံး၊ ဇလုံ (၂)လုံး၊ ဇွန်း(၃)ချောင်း နှင့် ဆီ(၅၀)သား၊ ဆန်(၂)ပြည်စီ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များအနက် ဆားလင်းကြီးမြို့နယ်တွင်း ကျေးရွာများကို အကြမ်းဖက်မှုများ ပြုလုပ်သည့်အတွက် ဒေသခံများ၏ နေအိမ်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ရသည်မှာ အများဆုံးဖြစ်သည်ဟု သိရသည်။

"ဆားလင်းကြီးမြို့နယ်ဟာဆိုရင် နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုး မီးရှို့ခံနေရပါတယ်။ စစ်ကောင်စီရဲ့ ယုတ်မာမှုကို အများဆုံးခံရတဲ့ မြို့လည်း ဖြစ်ပါတယ်။ နေအိမ်ပေါင်း ရာချီပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဆားလင်းကြီးပြည်သူတွေ လိုအပ်ချက် အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ဦးဆောင်သူက ပြောသည်။

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် ပြည်သူများကို ယခုလို ပြန်လည်ထောက်ပံ့နိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ စေတနာရှင်များ၏ အကူအညီများလိုအပ်သည့်အတွက် အညာပစ်တိုင်းထောင်လေးများ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားသည်။

"ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ ပြည်တွင်း ပြည်ပက အကူအညီနဲ့ တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေတာပါ။ ဆက်လက်ပြီး ကူညီဖြည့်စည်းပေးနိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်တွေကို ဖိတ်ခေါ်အပ်ပါတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများသို့ သွားရောက်ပြီး ပြည်တွင်း ပြည်ပရှိ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် ဒေသခံများထံ ကျန်းမာရေးနှင့်ပြန်လည်ထူထောင်ရေးများနှင့် ပတ်သက်ပြီး လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ လှူဒါန်းပေးနေသည့် အဖွဲ့ ဖြစ်ကြောင်း သိရသည်။

 

Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့