မြိုင်မြို့နယ်တွင် လမ်းမှားရောက်လာသည့် ရဲ ၃ဦးကို တော်လှန်ရေးတပ်များ  ဖမ်းမိထား

မြိုင်မြို့နယ်တွင် လမ်းမှားရောက်လာသည့် ရဲ ၃ဦးကို တော်လှန်ရေးတပ်များ  ဖမ်းမိထား

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်(၃)ဦး လမ်းမှားရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ (၂၅၁)၏ ထောက်ပို့ယာဉ်တန်းမှ ရဲ(၃)ဦး ကင်းထွက်လာအချိန် လမ်းမှားရောက်ရှိလာသဖြင့်  မြိုင်ပကဖနှင့်  PDF Kamma (ကမ္မတပ်ပေါင်းစု)တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ရဲ(၃)ဦးမှာ ရဲဒုတပ်ကြပ် ဝေလွင်ထွန်း၊ ရဲတပ်သား ဟိန်းထက်အောင်နှင့် ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်ပြီး ၎င်းတို့အား စစ်ကောင်စီတပ်က သေနတ်ပေးမထားဘဲ ကင်းစောင့်ခိုင်းသဖြင့်ထွက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ စစ်ကောင်စီက ရဲအင်အား(၄၀)ခန့်ကို သင်တန်းတက်ရန် မကွေးမှ ပခုက္ကူတပ်မ (၁၀၁)သို့ လိမ်လည်ခေါ်ယူခဲ့ပြီး စစ်ကြောင်းထိုးရာတွင် ပါဝင်ခဲ့စေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကြောင်းတွင်လည်း သေနတ်ပေးမကိုင်ဘဲ အထုတ်ထမ်းခြင်း၊ အလောင်းထမ်းခြင်းများသာခိုင်း၍ ခွဲခြားဆက်ဆံကြောင်းနှင့် အစားအစာလည်း စစ်သားများ၏ အကြွင်းအကျန်သာ စားရကြောင်း ထွက်ဆိုခဲ့သည်။

မြိုင် ပကဖက ၎င်းတို့(၃)ဦးကို စစ်သုံ့ပန်းဥပဒေအနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရရန် ကြိုးစားနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ