ထန်တလန်ကို အာဏာသိမ်းစစ်တပ်က (၁၂)ကြိမ်မြောက် မီးထပ်ရှို့

ထန်တလန်ကို အာဏာသိမ်းစစ်တပ်က (၁၂)ကြိမ်မြောက် မီးထပ်ရှို့
ဇန်နဝါရီ 3, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် (၁၂)ကြိမ်မြောက်မီးရှို့ရာ လူနေအိမ်(၄၀)ကျော်နှင့် ဘုရားကျောင်း (၁) ကျောင်း မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများ၏ အတည်ပြုချက်အရ သိရသည်။

ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်တွင် ယနေ့ ညနေ(၂)နာရီခွဲကျော်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထန်တလန်မြို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ကလည်း အာဏာသိမ်းတပ်က မီးရှို့ရာ  လူနေအိမ်(၅၁) လုံးဆုံးရှုံးခဲ့ရပြီး  ယနေ့အထိ နေအိမ်(၆၇၀) ကျော် မီးလောင်ပျက်စီးသွားပြီဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ထန်တလန်မြို့၌ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့်  ဘာသာရေးအဆောက်အဦးများ အပါဝင် လူနေအိမ်ပေါင်း(၆၅၁)လုံး ဖျက်ဆီးခံခဲ့ရကြောင်း Thantlang Placement Affairs Committee- TPAC က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ ထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည်။ 

ထန်တလန်မြို့တွင် အိမ်ခြေ (၂၀၀၀)ဝန်းကျင်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုမှာ အိန္ဒိယနိုင်ငံဘက်သို့ ခိုလှုံသွားရ‌ကြောင်း Thantlang Placement Affairs Committee- TPAC က ထုတ်ပြန်ထားသည်။