စစ်ကောင်စီတပ်က စစ်သင်တန်းတက်ရောက်ရေး စာရင်းကောက်ရန်ကြိုးစားလာသဖြင့် ဇီးကုန်းတိုက်နယ်မှ ဒေသခံထောင်ချီထွက်ပြေးရ  

စစ်ကောင်စီတပ်က စစ်သင်တန်းတက်ရောက်ရေး စာရင်းကောက်ရန်ကြိုးစားလာသဖြင့် ဇီးကုန်းတိုက်နယ်မှ ဒေသခံထောင်ချီထွက်ပြေးရ  

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်းနှင့် ဖိုကုန်းရွာတို့တွင် စစ်ကောင်စီတပ်က အင်အားသုံး၍ စစ်သင်တန်းတက်ရန် စာရင်းကောက်ယူရန်ကြိုးစားလာခြင်းကြောင့် ဒေသခံထောင်ချီ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် တိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါရွာများတွင် အိမ်ထောင်စုစာရင်းနှင့်တိုက်စစ်ပြီး စစ်သင်တန်းတက်ရန် လျောက်လွှာတင်ခိုင်းမည်ဟု ပြောဆိုပြီးနောက် ယနေ့တွင် စစ်ကောင်စီဘက်က ရှေ့ကင်းများချကာ  လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး အင်အားဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်သူမှ မနေရဲကြဘူး။ အကုန်ထွက်ပြေးရတာ။ ဒီစစ်ကောင်စီ မကောင်းမှန်းသိသားနဲ့တော့ ကိုယ့်သားသမီးလည်း သင်တန်းအတက်မခံနိုင်ဘူး။ သူတို့အတွက်လည်း အသေမခံပေးနိုင်ဘူး။ စစ်ရှောင်ရတာ တအားဒုက္ခရောက်တာတော့ သိတယ်။ မတတ်နိုင်ဘူး သူတို့လက်ကလွတ်ဖို့အရေးကြီးတော့ ရှောင်ပြေးရတာပဲ။"ဟု ‌ဒေသခံတစ်ဦးကပြောကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာ(၃)ရွာမှ လူဦးရေ(၅၀၀၀)နီးပါးရှိသဖြင့် နေရေးထိုင်ရေး၊ စားသောက်ရေး အခက်အခဲရှိနေပြီး တော်လှန်ရေးအဖွဲ့များက ကြိုးစားခေါ်ထုတ်ပေးကာ နေရာစီစဉ်ချထားကာ ကျွေးမွေးထားကြောင်း သိရသည်။

"ကျုပ်တို့ပြည်သူတွေကို မျက်နှာလွဲ ခဲပစ်မလုပ်တာနဲ့တင်ကို ကျေးဇူးတင်လှပါပြီ ”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည်  ကန့်ဘလူခရိုင်အတွင်းရှိ  ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် ၎င်းတို့စိုးမိုးထားသည့် ကျေးရွာများအား အိမ်ထောင်စုစာရင်းနှင့် တိုက်စစ်ကာ စစ်သင်တန်းတက်ရောက်ရန် အတင်းအကြပ်ဖိအားပေး၍ လျှောက်လွှာဖြည့်ခိုင်းခြင်း၊ ရပ်ဝေးသို့ပြောင်းရွှေ့နေကြသူများကိုလည်း မဖြစ်မ‌နေပြန်ခေါ်ရန် ဖိအားပေးခြိမ်းခြောက်ခြင်းများရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)