ယူကရိန်းတွင် နေ့ကလေးထိန်းကျောင်းအနီး ရဟတ်ယာဥ်ပျက်ကျမှုအတွင်း ပြည်ထဲရေးဝန်ကြီးနှင့် ကလေးများ အပါအဝင် (၁၅) ဦး သေဆုံး

ယူကရိန်းတွင် နေ့ကလေးထိန်းကျောင်းအနီး ရဟတ်ယာဥ်ပျက်ကျမှုအတွင်း ပြည်ထဲရေးဝန်ကြီးနှင့် ကလေးများ အပါအဝင် (၁၅) ဦး သေဆုံး
ဇန်နဝါရီ 18, 2023 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်အပြင်ဘက်ရှိ နေ့ကလေးထိန်းကျောင်းတစ်ခုအနီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၈) ရက် နံနက်ပိုင်းက ရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့မှုအတွင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အပါအဝင် အနည်းဆုံး လူ (၁၅) ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောသည်။ 

ရဟတ်ယာဥ်ပေါ်တွင် လိုက်ပါလာသူ (၉) ဦးနှင့် မြေပြင်တွင်ရှိနေသူ (၆) ဦး သေဆုံးခဲ့ကြောင်းနှင့် ကလေးငယ် (၃) ဦး ပါဝင်ကြောင်း ယူကရိန်းအစိုးရအရာရှိများက အတည်ပြုခဲ့သည်။

ပြင်သစ်နိုင်ငံလုပ် Super Puma အမျိုးအစား ရဟတ်ယာဥ်မှာ ကိဗ်မြို့တော် အရှေ့ဘက် Brovary မြို့ ဆင်ခြေဖုံးဒေသရှိ လူနေဧရိယာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ 

ရဟတ်ယာဥ်ပျက်ကျမှုကြောင့် ကလေးငယ် (၁၅) ဦး အပါအဝင် အခြား လူ (၂၉) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ရဟတ်ယာဥ်ပျက်ကျမှုမှာ အလွန်ဆိုးရွားသည့် ဝမ်းနည်းစရာအဖြစ်ဆိုးတစ်ခုဟု ရည်ညွှန်းခဲ့သည်။ 

"အခုအချိန်အထိ ကလေးသုံးယောက် သေဆုံးခဲ့ပါတယ်။ ပြောမပြတတ်အောင် ဝမ်းနည်းရပါတယ်" ဟု သမ္မတက ပြောသည်။



နေ့ကလေးထိန်းကျောင်းအနီး ရဟတ်ယာဥ်ပျက်ကျမှုတွင် ယူကရိန်းပြည်ထဲရေးဝန်ကြီး Denys Monastyrskyi နှင့်အတူ ၎င်း၏ ဒုတိယဝန်ကြီး Yevheniy Yenin နှင့် အခြား ဝန်ကြီးဌာန အရာရှိများ သေဆုံးခဲ့ကြောင်း ရဲချုပ် Ihor Klymenko က အတည်ပြုခဲ့သည်။ 

ရဟတ်ယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို လက်ရှိအချိန်တွင် အတိအကျ မသိရသေးကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။



Source: Reuters

Photo: REUTERS/Valentyn Ogirenko