(၉) နှစ် သမီးလေး၏ ပျောက်ဆုံးသွားသည့် ကစားစရာအရုပ်ကို ပြန်ပေးအပ်ရန် မိုင်ပေါင်း (၅,၉၀၀) နီးပါး ခရီးနှင်ခဲ့သူ လေယာဥ်မှူး

(၉) နှစ် သမီးလေး၏ ပျောက်ဆုံးသွားသည့် ကစားစရာအရုပ်ကို ပြန်ပေးအပ်ရန် မိုင်ပေါင်း (၅,၉၀၀) နီးပါး ခရီးနှင်ခဲ့သူ လေယာဥ်မှူး
သြဂုတ် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်လေကြောင်းလိုင်း American Airlines မှ လေယာဥ်မှူးတစ်ဦးက ကစားစရာအရုပ် ပျောက်ဆုံးသွားခဲ့သည့် ကလေးမလေးထံ သူမ၏အရုပ် ပြန်ပေးရန်အတွက် မိုင်ပေါင်း (၅,၈၈၀) ခရီးနှင်လာပြီး ပြန်လည်ပေးအပ်သည့်အတွက် ကလေးမလေးကို ပျော်ရွှင်စေခဲ့သည်။ 

အသက် (၉) နှစ်အရွယ် ကလေးမလေး ဗယ်လင်တီနာ ဒိုမင်ဂွက်ဖ်၏ ကလေးကစားစရာအရုပ် ပျောက်ဆုံးသွားခဲ့ကြောင်း သူမ၏ မိဘများ၏ Facebook ပို့စ်မှတစ်ဆင့် သိရှိသွားခဲ့ခြင်း ဖြစ်သည်။

မိဘများဖြစ်သည့် ရူဒီနှင့် ဆယ်လက်စတီ ဒိုမင်ဂွက်ဇ်တို့က ကလေးမလေး၏ အရုပ်ကို တိုကျိုမြို့တွင် လေယာဥ်ပေါ်၌ရှိနေစဥ် နောက်ဆုံး တွေ့ခဲ့ကြသည်ဟု ဆိုသည်။ 

၎င်းတို့မိသားစုက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ အလည်အပတ်သွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်သို့ အပြန်ခရီးတွင် တိုကျိုမြို့၌ ခရီးတစ်ထောက် ရပ်နားခဲ့ကြခြင်း ဖြစ်သည်။

(၉) နှစ် သမီးလေး၏ အရုပ်ပျောက်ဆုံးသွားသည့်အကြောင်း လေယာဥ်မှူး James Danen က သိရှိခဲ့ရပြီးနောက် တူရကီလေကြောင်းလိုင်း Turkish Airlines ၏ တိုကျိုမြို့ Haneda လေဆိပ်ရှိ lost-and-found ဌာနသို့ ဆက်သွယ်ခဲ့ပြီး အရုပ်ကို တွေ့ရှိထားကြောင်း ပြောခဲ့သည်။ 

ထို့နောက် လေယာဥ်မှူး James က Beatrice ဟု အမည်ပေးထားသော အရုပ်လေးနှင့်အတူ ခရီးထွက်လာခဲ့ပြီး ခရီးစဥ်တစ်လျှောက်လည်း ထိုအရုပ်လေးကို ဓာတ်ပုံရိုက်ပြီး ကလေးမလေးထံသို့ ပေးပို့ခဲ့သည်။

"ဒါ ကျွန်တော့် ပင်ကိုယ်ဗီဇပဲဗျ။ ကျွန်တော် လူတွေကို ကူညီရတာကြိုက်တယ်။ တစ်စုံတစ်ယောက်အတွက် ကောင်းမွန်တာတစ်ခုခု လုပ်ပေးနိုင်ရင် ကျွန်တော် တကယ် ဝမ်းသာတယ်" ဟု လေယာဥ်မှူး James က ပြောသည်။ 

အရုပ်လေး ပျောက်သွားခဲ့ပြီးနောက် (၃) ပတ်အကြာ ဩဂုတ်လ (၂၁) ရက်နေ့တွင် လေယာဥ်မှူး James က ဗယ်လင်တီနာတို့ မိသားစု၏ နေအိမ်သို့ ရောက်လာခဲ့ပြီး အရုပ်လေးကို သူမထံ ပြန်ပေးအပ်ခဲ့ရာ ဗယ်လင်တီနာ အလွန်ပျော်ရွှင်ခဲ့သည်။

"သူမ လေယာဥ်ပေါ်မှာ အဆင်ပြေရဲ့လား?" ဟု ဗယ်လင်တီနာက အရုပ်လေး ပြန်ရပြီးနောက် လေယာဥ်မှူးကို မေးခဲ့သေးပြီး လေယာဥ်မှူးက အလွန်အဆင်ပြေကြောင်း ဖြေခဲ့သည်။ 

"ဒီအရုပ်မလေး Beatrice က သမီးအတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။ သမီးကို ပျော်ရွှင်စေပြီး သမီးရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ သူမ ပျောက်သွားတုန်းက သမီး အသည်းကွဲသလို ခံစားခဲ့ရတယ်" ဟု ဗယ်လင်တီနာက Good Morning America ရုပ်သံအစီအစဥ်တွင် ပြောခဲ့သည်။

Source: NY Post, WFAA