၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် နောက်ဆုံး ဆန်ကာတင်စာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် နောက်ဆုံး ဆန်ကာတင်စာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်
By Mr John

 ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နောက်ဆုံးရွေးချယ်သွားမည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ဆန်ကာတင်စာရင်းကို Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာ Henrik Urdal က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ National Unity Consultative Council (NUCC) တို့ ပါဝင်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အရပ်သားအစိုးရထံမှ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို Committee Representing Pyidaungsu Hluttaw (CRPH) ကို ကိုယ်စားပြုတက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

NUCC ကို စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး CRPH ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO)၊ နိုင်ငံရေးပါတီများ၊ လူမျိုးစုအလိုက် အတိုင်ပင်ခံကောင်စီများ၊ သပိတ်ကော်မတီများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကြပြီး မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ငြိမ်းချမ်ရေးနိုဘယ်ဆုအတွက် ဆန်ကာတင်စာရင်းတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့က အဓိက ပါဝင်သည်ကို တွေ့ရသည်။ 

အီရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဂျာနယ်လစ် Narges Mohammadi နှင့် ထင်ရှားသည့် အာဖဂန်နစ္စတန် ဂျာနယ်လစ်နှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ Mahbouba Seraj တို့လည်း ထိုစာရင်းတွင် ပါဝင်သည်။

ထို့အတူ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသည် ဖိလစ်ပိုင်နိုင်ငံဖွား Victoria Tauli-Corpuz နှင့် အီကွေဒေါနိုင်ငံဖွား Juan Carlos Jintiach တို့ကိုလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဆန်ကာတင်စာရင်းတွင် ထည့်သွင်းထားသည်။ 

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နောက်ဆုံး ဆန်ကာတင်စာရင်းတွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice (ICJ) နှင့် Human Rights Data Analysis Group တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ဖူးသူ ယခုအချိန်အထိ တစ်ဦးတည်းသာရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ထားရှိခံရစဥ် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။

 ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ နိုဘယ်ဆုကော်မတီက ကြေညာသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်တွင် ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။

Source: PRIO