ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ပြင်သစ်သီလရှင်ကြီး အသက် (၁၁၈) နှစ်အရွယ်တွင် ကွယ်လွန်

Photo: AP /Daniel Cole
Photo: AP /Daniel Cole
ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ပြင်သစ်သီလရှင်ကြီး အသက် (၁၁၈) နှစ်အရွယ်တွင် ကွယ်လွန်
ဇန်နဝါရီ 18, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ယူဆထားသည့် ပြင်သစ်သီလရှင်ကြီး ကွယ်လွန်သွားခဲ့ကြောင်း ပြင်သစ်တောင်ပိုင်းရှိ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေးဂေဟာ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြောသည်။ 

စစ်စတာအန်ဒရီဟု လူသိများသည့် လူစီလီရန်ဒွန် (Lucile Randon) အမည်ရှိ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် အမျိုးသမီးကြီးမှာ သူမ၏ (၁၁၉) နှစ်ပြည့် မွေးနေ့မတိုင်မီ သီတင်းပတ်အနည်းငယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် စစ်စတာအန်ဒရီ၏ အသက်မှာ (၁၁၈) နှစ်နှင့် ရက် (၃၄၀) ရှိပြီဟု ဆိုသည်။ 

သူမက ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Ales မြို့ငယ်လေးတွင် ၁၉၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က မွေးဖွားခဲ့ကြောင်း သိရသည်။ 

စစ်စတာအန်ဒရီမှာ COVID-19 ကူးစက်ခံရပြီး အသက်ရှင်ခဲ့သူများအနက် အသက်အကြီးဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

စစ်စတာအန်ဒရီက ပြင်သစ်တောင်ပိုင်း Toulon မြို့ရှိ Sainte-Catherine-Labourne သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၇) ရက် ဒေသစံတော်ချိန် နံနက် (၂) နာရီအချိန်က ကွယ်လွန်ခဲ့ကြောင်း ဂေဟာပြောခွင့်ရပုဂ္ဂိုလ် David Tavella က ပြောသည်။ 

အသက် (၁၁၀) နှစ်နှင့်အထက် အသက်အရွယ်ရှိသူတို့၏ အသေးစိတ် အချက်အလက်များကို စိစစ်အတည်ပြုသည့် Gerontology Research Group အဖွဲ့အစည်းက စစ်စတာအန်ဒရီကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အသက် (၁၁၉) နှစ်အရွယ် Kane Tanaka ကွယ်လွန်သွားခဲ့ပြီးနောက် စစ်စတာအန်ဒရီကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ထိုအဖွဲ့အစည်းက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

စစ်စတာအန်ဒရီမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း သူမ၏ (၁၁၇) နှစ်ပြည့် မွေးနေ့အပြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါ ဖြစ်ခဲ့သေးသော်လည်း ရောဂါလက္ခဏာအနည်းသာ ခံစားခဲ့ရပြီး သူမတွင် ရောဂါကူးစက်ခံရကြောင်းကိုပင် မသိရှိခဲ့ဟု ဆိုသည်။



ကမ္ဘာစစ် (၂) ခုကို ဖြတ်ကျော်ရှင်သန်ခဲ့သူ စစ်စတာအန်ဒရီက အလုပ်လုပ်နေခြင်းက အသက်ရှည်စေသည့် အကြောင်းရင်းတစ်ရပ်အဖြစ် ပြင်သစ်မီဒီယာကို ပြောခဲ့ဖူးသည်။ 

သူမက အသက် (၁၀၈) နှစ်အရွယ်အထိ အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

စစ်စတာအန်ဒရီက နေ့စဥ် ဝိုင်တစ်ခွက်နှင့် ချောကလက်ကို စားသောက်လေ့ရှိသည်။ 

စစ်စတာအန်ဒရီ ကွယ်လွန်သွားပြီးနောက် ယခုအခါ Gerontology Research Group က အမေရိကန်တွင် မွေးဖွားခဲ့ပြီး စပိန်နိုင်ငံတွင် နေထိုင်လျက်ရှိသူ အသက် (၁၁၅) နှစ်အရွယ် မာရီယာဘရန်ရက်စ် မိုရီရာ (Maria Branyas Morera) ကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Source: AP