ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် မြန်မာနိုင်ငံ အင်တောမြို့ ကျောက်ဂူနေ မြန်မာအမျိုးသမီးတစ်ဦးကို ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သတ်၍ သေဆုံး

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် မြန်မာနိုင်ငံ အင်တောမြို့ ကျောက်ဂူနေ မြန်မာအမျိုးသမီးတစ်ဦးကို ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သတ်၍ သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၊ ချင်းရိုင်းမြို့၊ ဘန့်ဒူရပ်ကွက်တွင် ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သဖြင့် မေ့လဲသွားသည့် မြန်မာအမျိုးသမီးတစ်ဦးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ ည (၁၀)နာရီဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်၌ သေဆုံးသွားပြီး ထွက်ပြေးသွားသည့် ခင်ပွန်းဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကျောက်ဂူ မှ ဦးဆံဆွေ၏ သမီးဖြစ်သူ မနန်းခန်းဦးဖြစ်ကြောင်း သိရသည်။

အခုဆွေမျိုးမဲ့အလောင်းအဖြစ် ရှိနေပါတယ်။ ဆေးရုံက သင်္ဂြိုဟ်လိုက်ပြီလားတော့ မသိရဘူး။ သူ့အမျိုးလည်း တစ်ယောက်မှ ဒီနားမရှိဘူး။ သူ့မိသားစုတွေ သတင်းတွေ့ရင် သိသွားအောင်လို့ပါ

ဟု အိမ်နီးချင်းဖြစ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောလာသည်။

ချင်းရိုင်းမြို့ဘန့်ဒူရပ်ကွက်ရှိနေအိမ်တွင် ခင်ပွန်းဖြစ်သူက လည်ပင်းညှစ်သဖြင့် သတိလစ်မေ့လဲကျသွားသည်ကို တွေ့သည့် အနီးနေသူများက အိမ်ပိုင်ရှင်၏ အကူအညီဖြင့် ဆေးရုံကားခေါ်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်၍ ထွက်ပြေးသွားသည့် အိုက်ယောင်းအား ချင်းရိုင်းမြို့ ဘန့်ဒူရဲစခန်းက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်းသိရသည်။