ကောက်ပဲသီးနှံ တင်ဆောင်လာသည့် ပထမဆုံးသင်္ဘော ယူကရိန်းမှ ထွက်ခွာ

 ကောက်ပဲသီးနှံ တင်ဆောင်လာသည့် ပထမဆုံးသင်္ဘော ယူကရိန်းမှ ထွက်ခွာ
By Mr John

 ယူကရိန်း-ရုရှားစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ကောက်ပဲသီးနှံ တင်ဆောင်လာသည့် ပထမဆုံး သင်္ဘောတစ်စီး ယူကရိန်းနိုင်ငံ ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာပြီဟု သိရသည်။ 

ဩဂုတ်လ (၁) ရက်‌ ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် ယူကရိန်းတောင်ပိုင်း Odesas ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာသွားပြီဖြစ်ကြောင်း တူရကီနှင့် ယူကရိန်း အစိုးရအရာရှိများက ပြောသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ဖေဖေါ်ဝါရီလကတည်းက ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ဇူလိုင်လ (၂၂) ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်နှင့် တူရကီသမ္မတ Erdogan တို့ ဦးဆောင်သည့် အခမ်းအနားတစ်ရပ်တွင် ယူကရိန်းနှင့်ရုရှားတို့ကြား ဆန်စပါး၊ ဂျုံပြောင်း အစရှိသည့် ကောက်ပဲသီးနှံတင်ပို့မှုများ ပြန်လည်စတင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသဘောတူညီချက်က ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို လျော့ပါးသက်သာစေပြီး ဂျုံပြောင်းကဲ့သို့ ကောက်ပဲသီးနှံဈေးနှုန်း ကျဆင်းစေမည်ဟု မျှော်လင့်ထားသည်။ 

တူရကီ၏ ပြောကြားမှုအရ ယူကရိန်းဆိပ်ကမ်းမှ ထွက်ခွာသွားသည့် ဆီရာလီယွန်အလံလွှင့်ထားသော Razoni အမည်ရှိ ကုန်တင်သင်္ဘောမှာ လက်ဘနွန်နိုင်ငံ ထရီပိုလီဆိပ်ကမ်းသို့ ဆိုက်ရောက်လာမည်ဟု သိရသည်။ 

လာမည့် သီတင်းပတ်များအတွင်း ယူကရိန်းမှ နောက်ထပ် ကောက်ပဲသီးနှံတင်ပို့မှုများ ရှိလာမည်ဟုလည်း ဆိုသည်။

သဘောတူညီမှုအရ အစ္စတန်ဘူလ်မြို့တွင် ရုံးခန်းဖွင့်ထားသည့် ပူးပေါင်းညှိနှိုင်းရေးစင်တာက ထုတ်ပြန်မှုအရ Razoni ကုန်တင်သင်္ဘောတွင် ပြောင်းတန်ချိန် ၂၆,၀၀၀ ခန့် တင်ဆောင်လာပြီး စစ်ဆေးမှုအတွက် တူရကီရေပိုင်နက်အတွင်း ဩဂုတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်က ယူကရိန်းနိုင်ငံမှ သင်္ဘောထွက်ခွာသွားမှုကို ကြိုဆိုလိုက်ပြီး ယူကရိန်း-ရုရှား သဘောတူညီမှု အကောင်အထည်ဖော်ရန် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် တူရကီကို ချီးကျူးခဲ့သည်။ 

ယူကရိန်းနှင့်ရုရှားတို့က ကမ္ဘာ့ဈေးကွက်သို့ စိုက်ပျိုးရေးထုတ်ကုန်များ အဓိက တင်ပို့နေသည့် နိုင်ငံများဖြစ်သည်။ 

သို့သော် စစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက် ယူကရိန်းဆိပ်ကမ်းများ ရုရှားက ပိတ်ဆို့ထားခဲ့ရာ တင်ပို့မှုများ ပြတ်တောက်သွားခဲ့သည်။

ရုရှား၏ ရေလမ်းကြောင်းပိတ်ဆို့ထားကြောင့် ယူကရိန်းတွင် ဂျုံနှင့် အခြား ကောက်ပဲသီးနှံ တန်ချိန် (၂၅) သန်းအထိ ပြည်ပသို့ တင်ပို့၍မရဘဲ ကျန်ရှိနေရာ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေပြီး ငတ်မွတ်ခေါင်းပါးမည့်အရေး စိုးရိမ်ပူပန်မှုများလည်း ရှိလာခဲ့သည်။ 

ယူကရိန်းထံတွင် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ တန်ဖိုးရှိသည့် ကောက်ပဲသီးနှံများ ရောင်းရန်ရှိနေကြောင်း သမ္မတဇီလန်းစကီးက ဇူလိုင်လ (၂၂) ရက် ညပိုင်း မိန့်ခွန်းတွင် အတည်ပြုထားသည်။

Source: BBC, Reuters