ရုရှားထံမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့်  Kherson မြိုသို့ ယူကရိန်းသမ္မတဇီလန်းစကီး သွားရောက်

ရုရှားထံမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့်  Kherson မြိုသို့ ယူကရိန်းသမ္မတဇီလန်းစကီး သွားရောက်
နိုဝင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ယူကရိန်းတပ်ဖွဲ့များ ရုရှားထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည့် နိုင်ငံတောင်ပိုင်းရှိ Kherson မြို့သို့ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။ 

သမ္မတဇီလန်းစကီးက Kherson မြို့တွင် ယူကရိန်းစစ်သားများနှင့် တွေ့ဆုံခဲ့ရာတွင် ယူကရိန်းက ရှေ့သို့ဆက်ချီတက်နေပြီး ငြိမ်းချမ်းရေးအတွက် အသင့်ရှိကြောင်း ပြောခဲ့သည်။

Kherson မြို့မှာ ဖေဖေါ်ဝါရီလတွင် ရုရှားကျူးကျော်မှု စတင်ခဲ့ပြီးနောက် မတ်လကတည်းက သိမ်းပိုက်ခံခဲ့ရသည့် တစ်ခုတည်းသော ဒေသဆိုင်ရာ မြို့တော်ဖြစ်ပြီး ယခုအခါ ယူကရိန်းက ပြန်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

 သို့သော် သမ္မတဗလာဒီမာပူတင် အစိုးရကမူ  Kherson မှာ ရုရှား၏ အစိတ်အပိုင်းဖြစ်နေဆဲဟု အခိုင်အမာ ပြောထားသည်။

ရုရှားသမ္မတပူတင်က စက်တင်ဘာလအတွင်း မော်စကိုမြို့တော်တွင် အခမ်းအနားတစ်ရပ်ဖြင့် ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson ဒေသ (၄) ခုကို သိမ်းယူလိုက်ကြောင်း ကမ္ဘာသိ ကြေညာခဲ့ပြီး ထိုနယ်မြေများ သိမ်းယူမှုနှင့်ပတ်သက်၍ ‌ဆွေးနွေးညှိနှိုင်းနိုင်ခြင်းမရှိဟု ပြောခဲ့သည်။ 

သို့သော် သီတင်းပတ်များကြာပြီးနောက် ယူကရိန်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းဒေသများမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်လာပြီး Kherson သို့ ဦးတည်လာခဲ့ရာ ရုရှားတပ်ဖွဲ့များ အခြေမလှဖြစ်ခဲ့ကြသည်။

နောက်ဆုံးတွင် ရုရှားတပ်ဖွဲ့များ Kherson မြို့မှ ပြန်ဆုတ်ခွာခဲ့ကြရပြီး ယူကရိန်းတပ်ဖွဲ့များက နိုဝင်ဘာလ (၁၁) ရက်တွင် မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး ပြန်သိမ်းပိုက် ထိန်းချုပ်လိုက်သည်။ 

Kherson မြို့တွင်း ဝင်ရောက်လာသည့် ယူကရိန်းတပ်ဖွဲ့များနှင့်အတူ မြို့ခံများက အောင်ပွဲခံခဲ့ကြပြီး အချို့မှာ လနှင့်ချီကြာ ကွဲကွာနေသော မိသားစုများ သို့မဟုတ် ချစ်ခင်သူများနှင့် ပြန်ဆုံနိုင်ခဲ့ကြသည်။

သမ္မတဇီလန်းစကီး က နိုဝင်ဘာလ (၁၄) ရက်နေ့တွင်  Kherson မြို့သို့ ရောက်ရှိလာစဥ်အတွင်း ယူကရိန်းနိုင်ငံတော်သီချင်းကို သီဆိုခဲ့သည်။ 

ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အသင့်ရှိသည်ဟု စစ်သားများနှင့် တွေ့ဆုံစဥ် ဇီလန်းစကီးက ပြောကြားခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

NATO အုပ်စုနှင့် အခြား မဟာမိတ်များကို ၎င်းတို့၏ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောခဲ့သည်။ 

ယူကရိန်းသမ္မတ ဇီလန်းစကီးက Kherson မြို့လယ်ရှိ ရင်ပြင်နေရာတွင် ပြည်သူလူထုနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ကြောင်း သိရသည်။

 

Source: BBC, Reuters

Photo: REUTERS, REUTERS/Valentyn Ogirenko,