မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးချိုးဖေါက်ခံနေရ၍ ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လာအိုတာဝန်ရှိသူများ လာရောက်စစ်ဆေး

မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးချိုးဖေါက်ခံနေရ၍ ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လာအိုတာဝန်ရှိသူများ လာရောက်စစ်ဆေး
သြဂုတ် 14, 2021 | နိုင်ငံတကာသတင်း

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးချိုးဖေါက်ခံရမှု ပြဿနာများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖေါ်မှုဖြစ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့တွင် လာအိုနိုင်ငံတာဝန်ရှိသူများ အဆိုပါစီးပွားရေးဇုန်ကို လာရောက်စစ်ဆေးသည်ဟု သိရသည်။



လာအိုဒုတိယနိုင်ငံခြားရေးဝန်ကြီး Ben Lou PandaNuon (Mr. Bounleua phandanouvong) ဦးဆောင်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလာသည့်အဖွဲ့ကို အထူးစီးပွားရေးဇုန်အတွင်း COVID 19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေ၊ မြန်မာရွှေ့ပြောင်းလုပ်သားများ ဆန္ဒပြမှုကို ဖြေရှင်းထားသည့်အခြေအနေများကို အထူးစီးပွားရေးဇုန် တာဝန်ရှိသူများက အဆိုပါခရီးစဉ်အတွင်း ရှင်းလင်းတင်ပြသည်ဟု သိရသည်။ 



အထူးစီးပွားရေးဇုန်ကို လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီဖြစ်သည့် Kingsman Roman ကုမ္ပဏီက အဆိုပါ ဇုန်အတွင်း  COVID 19 ကပ်ရောဂါ ဖြစ်ပွားမှုကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ ထားခဲ့ရာ ကပ်ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် အခြေအနေများအတွက် ကိုင်တွယ်ပုံနည်းလမ်းကို မှန်ကန်စွာဖြေရှင်းရေး၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအတွက် ဘိုကျောက်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်ရန် ဒုနိုင်ငံခြားရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်ဟု သိရသည်။



အဆိုပါ ခရီးစဉ်အတွင်း လာအိုနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Benluo နှင့်အဖွဲ့သည် အထူးစီးပွားရေးဇုန်မှ COVID 19 ပိုးတွေ့  မြန်မာရွှေ့ပြောင်းလုပ်သားများထားရှိရာ တောင်ခြေ Quarantine Center ကိုလည်း သွားရောက်ကြည့်ရှုသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။



ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ကုမ္ပဏီက ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ အနိုင်ကျင့်ခြိမ်းခြောက်ဖိနှိပ်မှု၊ Quarantine Center များသို့ ရက်အကန့်အသတ်မရှိ လပေါင်းများစွာ ပို့ခံရမှု၊ Quarantine Center များတွင် ပို့ခံထားရစဉ် ကျေးရွာအတွင်း ကျန်ခဲ့သည့်နေအိမ်များ လုံခြုံမှုမရှိခြင်း၊ Quarantine Center များတွင် နေထိုင်စားသောက်ရေး အဆင်မပြေမှု၊ လုပ်ခလစာမရရှိမှု၊ နေရပ်ပြန်လိုသူများ ပြန်ခွင့်မရဖြစ်နေခြင်းစသည့် အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး ဩဂုတ်လ (၆) ရက်နေ့၌ မြန်မာလုပ်သားတစ်ဦး အရိုက်နှက်ခံရရာမှ  စတင်ကာ မြန်မာလုပ်သားထောင်နှင့်ချီ၍ ကုမ္ပဏီအား ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။



အဆိုပါ ဆန္ဒထုတ်ဖေါ်မှုနှင့်ပတ်သက်၍ မြန်မာဘက်မှ တာဝန်ရှိသူများက ယင်းနေ့ညနေမှာပင် ရွှေတြိဂံအထူးစီးပွားရေးဇုန် တာဝန်ရှိသည့် တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မိုင်းမောဆိပ်ကမ်းတွင် တွေ့ဆုံပြီးနောက် ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ရခိုင်ရွာ (မြန်မာရွာ)အတွက် မြန်မာလုပ်သားများ သဘောကျလက်ခံပေးမည့် အုပ်ချုပ်သူခေါင်းဆောင်နှင့် အဖွဲ့ကို ကုမ္ပဏီအနေဖြင့် ရွေးချယ်ခန့်အပ်ပေးရန်၊ COVID 19 ပိုး ရှိသည်ဟု စစ်ဆေးအဖြေထွက်သူများကို P Center တွင် ထားရှိမည့် ရက်အကန့်အသတ် သတ်မှတ်ချက်ကို ကြေညာပေးရမည်ဖြစ်ပြီး သတ်မှတ်ရက် ပြည့်သွားပါက မူလနေထိုင်ရာနေရာသို့ ပြန်ခွင့်ပြုရန်၊ Quarantine Center တွင် အစားအသောက် ပုံမှန်ရရှိရေး စီစဉ်ပေးရန်နှင့် လုပ်ခလစာများ အပြည့်အဝထုတ်ယူခွင့်ရရန် ကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပေးမည်ဟု သဘောတူထားခဲ့ခြင်းဖြစ်သည်။